ရပ်စောက်မြို့ပြည်သူများ နေအိမ်အပြင်ထွက်ဖုန်းမပါလျှင် စစ်ကောင်စီဒဏ်ငွေ ၅ ထောင်ရိုက်

ရပ်စောက်မြို့ပြည်သူများ နေအိမ်အပြင်ထွက်ဖုန်းမပါလျှင် စစ်ကောင်စီဒဏ်ငွေ ၅ ထောင်ရိုက်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတို့သည် နေအိမ်အပြင်ထွက်သည့် ပြည်သူတချို့ ကို စစ်ဆေးမှုပြုလုပ်ရာ ဖုန်းမပါလာပါက ဒဏ်ငွေကျပ် ၅ ထောင် ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။

ဈေးဝယ်ထွက်ရန်နှင့် အပြင်ထွက်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်အနီး နှင့် တချို့သော လမ်းနေရာများတွင် စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး ဖုန်းမတွေ့ပါက ငွေဒဏ် ၅၀၀၀ ကျပ် ဆောင်ခိုင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားတွေက လမ်းမှာ စောင့်နေပြီး စစ်ဆေးတယ်။ ဖုန်းမတွေ့ရင် ဘယ်လိုကြောင့်ဖြစ်ဖြစ် ဒဏ်ငွေ ၅၀၀၀ ဆောင်ခိုင်းတယ်၊ ပိုက်ဆံ မပေးရင်လည်း လူကသွားလို့မရဘူးပြောတော့ ပိုက်ဆံပေးခဲ့ရတယ်” ဟု တပ်ဦးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်နေရာအနီးအပြင် အခြားနေရာတွင်လည်း စောင့်ဆိုင်းပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးကာ ဖုန်းမပါသည့် ပြည်သူများနှင့် အမျိုးသားနှစ်ယောက် အတူစီးသည့် ဆိုင်ကယ်များကို နောက်ပြန်လှည့်ခိုင်းကြောင်းလည်း သိရသည်။

“တပ်အရှေ့မှ မဟုတ်ဘူး၊ လမ်းပေါ်မှာလည်း စစ်ဆေးဖို့လာစောင့်နေတာမျိုးတွေရှိတယ်၊ ထင်းကွင်းဘက်မှာဆိုလည်း သူတို့လာစောင့်လို့ ပြည်သူတော်တော်များများက အပြင်မထွက်ရဲဘူး၊ စားဖို့သောက်ဖို့ဝယ်စရာရှိလို့ သွားရင်လည်း သူတို့က အများကြီးစစ်မေးတာ” ဟု ထင်းကွင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတို့သည် ၎င်းတို့ စစ်တပ်အတွက် ကူညီဆောင်ရွက်ပေးရန် ကိစ္စရပ်များရှိလာပါက ရပ်စောက်မြို့နယ်အတွင်းမှ လူငယ်များကို လွှတ်ပေးရန် ရပ်ကွက်နှင့် ကျေးရွာလူကြီးများထံသို့ အကြောင်း ကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။

“သူတို့ တပ်ဘက်ကနေ လူတောင်းလာရင် ဒီရပ်ကွက် ဒီရွာထဲက ရွာသားတွေကို လွှတ်ပေးပါဆိုပြီး စာပို့တာရှိ တယ်တဲ့၊ တချို့ကလည်း နှုတ်နဲ့ပဲ ပြောကြတာ၊ ဒါပေမဲ့ ရပ်ကွက်လူကြီးတွေတော့ ဘာမှပြန်မပြောဘူး၊ ပြည်သူတွေ ကလည်း သွားဖို့ စိတ်ကူးမရှိဘူး” ဟု ရပ်စောက်မြို့နေ ပြည်သူတစ်ဦးကလည်း ပြောသည်။

နိုင်ငံတော်အာဏာသိမ်းယူမှုကို လက်မခံသည့် ပြည်သူလူထုတို့သည် စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင် ဆန္ဒပြနေလျက်ရှိပြီး စစ်ကောင်စီတို့ကလည်း ပြည်သူများ နေထိုင်စားသောက်ရေးနှင့် အပြင်ထွက် သွားလာရေးတို့ အခက်အခဲရှိအောင် အမျိုးမျိုးလုပ်ဆောင်တားမြစ်မှုများရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...