ဓနုဖြူ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းအနီး ဗုံးကွဲ

ဓနုဖြူ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းအနီး ဗုံးကွဲ

ဓနုဖြူမြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း အနီးတွင်  ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရသည်ဟု ဒေသခံများ က ပြောသည်။

ဧရာဝတီတိုင်း၊ အတွင်းရှိ ဒေသခံမြို့ပြ ပြောက်ကျား အဖွဲ့က ယင်းဖောက်ခွဲမှုကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များကို သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန် ဝန်ခံထားသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဓနုဖြူမြို့ အဝင်အထွက်လမ်းများနှင့် လမ်းဆုံအချို့ကို ပိတ်ဆို့စစ်ဆေးကာ ပြည်သူအချို့ကို ဖမ်းဆီး ထားသည်ဟု သိရသည်။

အဖမ်းခံထားရသူတစ်ဦး ၏ မိသားစုဝင် တစ်ဦးက "အခုက မသင်္ကာလို့ ဖမ်းတယ် ဆိုပေမယ့် တခုဆိုးတာ ရိုက် နှက် စစ်တာမျိုးလုပ်တယ်။ တချို့နေရာတွေမှာ အတင်းဝန်ခံခိုင်းတယ်။ နောက်ဆုံး ရိုက်သတ်တဲ့အထိ လုပ်တာ ကြားရတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်တယ်" ဟု ပြောသည်။

ဓနုဖြူမြို့၊ အ.ထ.က (၁) ကျောင်းအနီးရှိ ရဲဝန်ထမ်း လိုင်းခန်းထောင့်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ကျော်ခန့် အချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု နှင့် အဆောက်အဦ ပျက်စီးမှု မရှိဟု ဒေသခံအချို့ က ပြောသည်။

"လူထိခိုက်တာ လိုင်းခန်းပျက်တာတော့မဖြစ်ဘူး။ စစ်တပ်က လာစစ်တယ်၊ လက်လုပ်မိုင်း ပေါက်ကွဲတာလို့ ဗိုလ်ကတော့ ပြောသွားတယ်" ဟုဓနုဖြူမြို့ခံ တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးတွင် စက်တင်ဘာလ အတွင်းမှ စတင်ကာ ဒေသခံ မြို့ပြ ပြောက်ကျား အဖွဲ့များ က စစ်ကောင်စီ နှင့် သက်ဆိုင်သည့် နေရာများနှင့် မိုင်တဲဖုန်းတာဝါတိုင်များကို မိုင်းခွဲမီးရှို့ ဖျက်ဆီးခြင်း၊ စစ်ကောင်စီ သတင်းပေး ဒလန်များကို သုတ်သင်ခြင်းတို့ကို ခပ်စိပ်စိပ် လုပ်ဆောင်လာကြသည်။

အောက်တိုဘာလ နောက်ဆုံးအပတ် မှ နိုဝင်ဘာလ အတွင်း စစ်ကောင်စီ၏ ယာဉ်တန်း၊ ရဲစခန်း၊ ယာဉ်ထိန်းရဲရုံး နှင့် စစ်တပ်ကင်းစခန်းများကို တိုက်ခိုက်လာနိုင်ပြီး ဝန်ကြီးချုပ်ယာဉ်တန်းကိုပါ တိုက်ခိုက်လာနိုင်သဖြင့် ၈ လ ကျော် အတွင်း စစ်ဗျူဟာများ သဘောပေါက်နားလည်လာသည့် အနေအထားမျိုး တွေ့လာရသည်ဟု ဒေသခံ အချို့က သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...