ရန်ကုန်-ထားဝယ်-မြိတ် လေယာဉ်ခရီးစဉ်များ ပြန်စမည်

ရန်ကုန်-ထားဝယ်-မြိတ် လေယာဉ်ခရီးစဉ်များ ပြန်စမည်

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် လပေါင်းများစွာ ရပ်နား ထားခဲ့ရသည့် ရန်ကုန်-ထားဝယ်-မြိတ် လေကြောင်းခရီးစဉ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ပြန်လည် ပြေးဆွဲမည်ဖြစ်သည်ဟု ပြည်တွင်းလေကြောင်းလိုင်း အချို့က ထုတ်ပြန်ထားသည်။  

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်-ထားဝယ်ခရီးစဉ်အား စတင်တော့မည်ဖြစ်ပြီး ရန်ကုန်-မြိတ်ခရီးစဉ်ကိုမူ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြေးဆွဲသွားမည် ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ရော စီးပွားရေးလုပ်ငန်းတွေအတွက် အရမ်းအဆင်ပြေသွားမယ်။ အရေး အကြောင်းဆို ကားလိုင်းကိုပဲ အားကိုးရဆို အချိန်တွေပိုကုန်တယ်” ဟု မြိတ်မြို့တွင် နေထိုင်သူ ကုန်သည်တစ်ဦး က ပြောသည်။

ကိုဗစ်-၁၉ ကာလတွင် ကုန်းလမ်း၊ ရေလမ်း လေကြောင်းလိုင်းများ ပိတ်ထားသဖြင့် ကျန်းမာရေးနှင့် အရေးပေါ် ကိစ္စရပ်များအတွက် အိမ်စီးကားငယ်လေးများဖြင့် သုံးလေးယောက်စုပြီး ရန်ကုန်ကိုသွားရသည့်အခါ ခရီးသည် တစ်ဦးလျှင် တစ်သိန်းသုံးသောင်းကျပ်ခန့်ပေးရသည်ဟု အဆိုပါ ကုန်သည်က ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့ များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းမှ စတင်ရပ်နားခဲ့ခြင်း ဖြစ်ပြီး ရပ်နားမှုကို အချိန်ကာလအလိုက် သက်တမ်းတိုး လာခဲ့သည်။

 သို့သော် အောက်တိုဘာလ တတိယအပတ်တွင် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်း လိုင်း (MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က ပြန်လည်ပြေးဆွဲခဲ့ပြီး ဖြစ်သည်။

ယခုခါ တနင်္သာရီတိုင်းအတွင်း မြို့ကြီးများသို့ လက်ရှိပြည်တွင်းလေကြောင်းလိုင်းများအနက် Air KBZ လေ ကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း ယခုရက်ပိုင်းတွင် ပြည် တွင်းလေကြောင်းလိုင်း အချို့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။  

ရန်ကုန်-ထားဝယ်ခရီးစဉ်အတွက် ၆၉၀၀၀ ကျပ်နှင့် ရန်ကုန်-မြိတ် ခရီးစဉ်အတွက် ၈၂၀၀၀ ကျပ် သတ်မှတ်ထား သည်ဟုလည်း Air KBZ က ကြေညာထားသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...