သိန္နီမြို့နယ်၊ မိုင်းလီ စာသင်ကျောင်းအနီး ပစ်ခတ်သံများ ထပ်မံကြားရ

သိန္နီမြို့နယ်၊ မိုင်းလီ စာသင်ကျောင်းအနီး ပစ်ခတ်သံများ ထပ်မံကြားရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့အတွင်းတွင် သေနတ်ပစ်ဖောက်သံများနှင့် လက်နက်ကြီး လက်နက်ငယ် အသံများ ထပ်မံကြားရကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၁၆ ရက် နံနက် ၇ နာရီကျော်ဝန်းကျင်အချိန်တွင် သိန္နီမြို့နှင့် လားရှိုးကြားရှိ မိုင်းလီကျေးရွာအနီးတွင် ပစ်ခတ်သံများကြား ရပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခြင်းကိုမူ မသိရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသံကတော့ မိုင်းလီ စာသင်ကျောင်းအနီးမှာ ကြားရပါတယ်၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ပစ်မှန်းတော့ မသိရဘူး၊ လက်နက်ကြီးသံလည်း ကြားရတယ်၊ အများစုကတော့ သေနတ်သံတွေပါပဲ” ဟု မိုင်းလီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ်အတွင်းတွင် ယင်းကဲ့သို့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ပြည်သူများအနေဖြင့် ကြောက်လန့် တုန်လှုပ်မိသော်လည်း မထူးဆန်းသလိုဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါပစ်ခတ်မှုသည် စစ်ကောင်စီတို့မှ ပြည်သူများနှင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင်များကို ခြိမ်းခြောက်ရန်အတွက် သေနတ်များပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ သိန္နီဘက်မှာတော့ ပစ်ခတ်သံတွေက နေ့တိုင်းနီးပါးလောက်ကို ကြားနေရပါတယ်၊ တစ်ဖက်တည်း ပစ်ခတ်သံတွေလည်း ကြားရတယ်၊ စစ်ကောင်စီက ဒီ လမ်းသွားလမ်းလာပြည်သူတွေနဲ့ တောထဲမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ခြိမ်းခြောက်ခြင်တဲ့ သဘောပေါ့” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ကလည်း သိန္နီ – လားရှိုး ကားလမ်းမကြီးရှိ မိုင်းလီကျေးရွာအုပ်စုအတွင်းတွင် တစ်ဖက်တည်း ပစ်ခတ်သံသာကြားရသည့် တိုက်ပွဲအတုကို အာဏာသိမ်း စစ်ကောင်စီတို့ကဖန်တီးပြီး နယ်မြေအတွင်း လုံခြုံရေးဗန်းပြကာ အင်အားတိုးချဲ့လှုပ်ရှားမှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီ၏ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များနှင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တို့သည် ၂ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကားလမ်းမကြီးတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီတပ်များသည် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာကြောင်းလည်း ဒေသခံများက ပြောသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...