နတ်မောက်မြို့မဈေးမီး ဆုံးရှုံးမှု ကြီးမား

နတ်မောက်မြို့မဈေးမီး ဆုံးရှုံးမှု ကြီးမား

နတ်မောက်မြို့၊ မြို့မဈေးကြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၂၄၂ ဆိုင် မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ ည ၉ နာရီ ကျော်ခန့်က စတင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ည ၁၁ နာရီကျော်ခန့်မှ မီးညွှန့်ကို ထိန်းနိုင်ခဲ့ပြီး မီးကြွင်းမီးကျန်များကိုလည်း နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း အထိ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၅၀ က ငြိမ်းသတ်နေရဆဲ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

မီးသတ်ဝန်ထမ်း တစ်ဦးက "၉ နာရီ မီးသတင်းရကတည်းက ငြိမ်းသတ်ခဲ့တာ ၁၁ ကျော်လောက်မှာ မီးညွှန့်ကျိုး တယ်။ မီးကြွင်းမီးကျန်တွေကတော့ အခုမနက်ထိ ငြိမ်းနေဆဲပါ။ ဘယ်လောက်ဆုံးရှုံးသွားတယ် ဘာကြောင့် လောင်တာလဲ ဆိုတာတော့ စုံစမ်းနေတုန်းပဲရှိပါတယ်”ဟု ပြောသည်။

မြို့မစျေးအတွင်းရှိ ပတ္တမြားရုံ ၁၊ ၂၊ ၃၊ ၄၊ ပုလဲရုံ ၃၊ ၄ နှင့် B ရုံအတွင်းက ဆိုင်ခန်းများ မီးလောင်သွားခြင်း ဖြစ် သည်။

မြို့မဈေးအတွင်းက မီးလောင်မှုတွင် အထည်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များပါဝင်ပြီး စားအုန်းဆီဆိုင်ခန်း လောင် ချိန်တွင် မီးအား ပိုကောင်းသွားခဲ့ခြင်း ဖြစ်သည်ဟု မီးကူညီငြိမ်းသတ်ပေးခဲ့သည့် စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် စျေးမြောက်ဘက် အထည်တန်းက ဆိုင်ခန်း ၄ ခန်းလည်း ပါသွားသည်ဟု အသက် ၅၈ နှစ်အရွယ် နတ် မောက်မြို့ခံ တစ်ဦးက ပြောသည်။

မီးလောင်သွားသည့် ပစ္စည်းများကို ရှင်းလင်းနေပြီး အပြင်တန်းရှိ ကုန်စိမ်းတန်း၊ ဈေးအနောက်ဘက်ရှိ ဆိုင်တန်း များ မီးမလောင်ဘဲကျန်ခဲ့သည်ဟု အဆိုပါ နတ်မောက်ဒေသခံက ဆက်ပြောသည်။

မီးစတင် လောင်ချိန် မီးငြိမ်းသတ်ရန်လာကူသည့် လူများကို စစ်တပ်က သေနတ်ပစ်ဖောက် ပြီးဟန့်တားခဲ့မှု ကြောင့် ယခုကဲ့သို့ မီးလောင်မှုက ကြီးမားသွားခြင်းဖြစ်သည်ဟု နတ်မောက် ဒေသခံများ က ဆိုသည်။

နတ်မောက်စျေးအတွင်း ဆိုင်ခန်းပေါင်း ၃၀၀ ကျော်နှင့် အပြင်တန်းရှိ ကုန်စိမ်းတန်း၊ ပျံကျစျေးဆိုင်ခန်းများ ပါရှိသည့် စျေးကြီးတစ်ကြီးဖြစ်သည်။

ယခုမီးလောင်သည့် မြို့မဈေးသည် ၁၉၇၄ ခုနှစ်ကလည်း မီးသင့်ဖူးပြီး ၁၉၇၅ ခုနှစ်တွင် ပြန်လည်တည်ဆောက်  ထားသည့် ဈေးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...