ကချင်လူထုကို သောကပေးနေတဲ့ဖြစ်ရပ်နောက်ကွယ်က လက်မည်းကြီးများ

ကချင်လူထုကို သောကပေးနေတဲ့ဖြစ်ရပ်နောက်ကွယ်က လက်မည်းကြီးများ

သဘာဝကြီးက ပေးအပ်ထားတဲ့ ရင်းမြစ် အလှတရားတွေ ပျောက်ကွယ်သွားနိုင်တဲ့အပြင် သဘာ၀ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ကချင်ဒေသခံတွေဟာ ပူပန်သောကရောက်နေကြပါတယ်။

ကချင်ဒေသခံတွေရဲ့ မြတ်နိုးတန်ဖိုးထားရာအရပ် ဖြစ်ရုံသာမက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ် မြစ်ဖျားခံရာလည်းဖြစ်တဲ့ မြစ်ဆုံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောဘသား စီးပွားရေးသမားတွေက လွန်လွန်ကျူးကျူး ရွှေတူးဖော်နေကြပါတယ်။

“ အခုသူတို့ရဲ့ လုပ်ရပ်တွေက ကြောက်စရာကောင်းနေပါပြီ။ တကယ်လို့ မိုးတွင်းမှာ ဒီဧရာဝတီမြစ်ကြီး ရေကြီးတဲ့အခါ ဒါတွေအကုန်လုံးက နစ်မြုပ်နိုင်တယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့ မြစ်ဆုံဈေးတန်းတွေလည်း ရှိတော့မှာမဟုတ်ဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

ဧရာဝတီ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေသုံးပြီး တွင်တွင်ကျယ်ကျယ် နေ့စဉ် ရွှေတူးဖော်နေတဲ့ အပေါ် ဒေသခံ ကချင်လူထုက စိုးရိမ်နေကြပါတယ်။

ဒီလိုသာ ဆက်လက်တူးဖော်နေဦးမယ်ဆိုရင် မြစ်ဆုံဒေသခံတွေဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာနိုင်ချေရှိတယ်လို့လည်း ကချင်လူထုက ဆိုပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရင်ပူခဲ့ရဖူးတဲ့ ကချင်ဒေသခံတွေဟာ ရွှေတူးဖော်မှုကြောင့် Mali – N’mai zup လို့ခေါ်တဲ့ မေခ - မလိခ မြစ်ဆုံကြီး ပျက်စီးသွားမှာကို လက်ရှိမှာ အလွန်အမင်း စိုးရိမ်နေကြရပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလအလွန် မေလ ကတည်းက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လာနေကြတာ တဖြည်းဖြည်း အလွန်များပြားလာတဲ့ အခြေအနေပါ။

ကချင်ဒေသခံတွေက မေခ- မလိခ မြစ် ပေါင်းဆုံတဲ့ မြစ်ဆုံကြီး ရပ်တန့်ပျက်စီးသွားနိုင်တဲ့ ဖြစ်ရပ်၊ လုပ်ရပ်နဲ့ စီမံကိန်းမှန်သမျှကို ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကန့်ကွက်နေကြသူတွေပါ။

တကယ်တော့ ရွှေတူးဖော်နေကြတဲ့ ရွှေလောပန်းကြီး (ရွှေတူးဖော်ရေး လုပ်ငန်းပိုင် သူဌေးကြီး) တွေထဲမှာ ကချင်ပြည်သူလူထုကို ကာကွယ်၊ စောင့်ရှောက်၊ ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်နေပါတယ်။

ရွှေလောပန်ကြီးတွေထဲမှာ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် (PCG) အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်တို့အပြင် ကချင်အမျိုးသား အတိုင်ပင်ခံရုံး ( WMR) လူကြီးတွေနဲ့ ခရစ်ယာန်အသင်းတော်ကြီးထဲက ဘာသာရေးခေါင်းဆောင်တွေ ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မဇ္ဈိမက မြစ်ဆုံဒေသခံကို သွားရောက် စုံစမ်းတဲ့အခါမှာလည်း ရွှေလောပန်ကြီးတွေထဲမှာ ကချင်စီးပွားရေး လုပ်ငန်းရှင် ခရိုနီတွေ ပါဝင်နေတာကိုလည်း သိရှိရပါတယ်။

မြစ်ကြီးနားမှာ နေထိုင်တဲ့ ရွှေလောပန်ကြီး ဦးအင်ခန်းအောင်အောင်ဆိုရင် မြစ်ကမ်းထိန်းသိမ်းရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် သာယာလှပရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ဆုံမြစ်ကမ်းထိန်းသိမ်းရေး အုတ်စီနံရံကို ရွှေတူးဖော်ရေး ရန်ပုံငွေနဲ့ တည်ဆောက်ပေးထားပါတယ်။

ဦးအင်ခမ်းအောင် ပိုင်ဆိုင်တဲ့ လုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ စားသောက်ဆိုင်ဟာ ဆိုရင် ကချင် စီးပွားရေး ခရိုနီအသိုင်းအဝိုင်းက မကြာခဏ သွားရောက်လေ့ရှိတဲ့ဆိုင်ပါ။ မြစ်ကြီးနားမြို့ထဲမှာရှိတဲ့ မနော(ကချင်ဘာသာစကားအရ မနောင်)ကွင်း ထဲမှာ ‘ လုံပါဂါ ’ အမည်နဲ့ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဲဒီ လုံပါဂါ စားသောက်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်ကြီးတွေကိုလည်း ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံလေ့ရှိနေခဲ့ပါတယ်။

ဦးအင်ခန်းအောင်အောင်ဟာ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့ထဲမှာ ပါဝင်သလို ပြည်နယ်အတွင်း ရွှေလုပ်ကွက်ချပေးသူများ အထဲမှာလည်း ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ သတင်ရင်းမြစ်တစ်ဦး ဆိုပါတယ်။

ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းထဲမှာ လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တစ်ယောက်လည်း ပါဝင်နေပြီး ဝန်ကြီးချုပ်မဖြစ်ခင်က ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူပါ။

လက်ရှိမှာ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ အသင်းရုံးကိုလည်း မြစ်ကြီးနား မနောကွင်း အနီးမှာရှိတဲ့ ဦးခက်ထိန်နန်ရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားပါတယ်။

အဲဒီနေရာမှာပဲ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)က ဦးယွမ်ဇော်ခေါင် ပိုင်ဆိုင်တဲ့ ဂျိတ်လန်း (Jade Land) သယံဇာတကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရုံးကို ၂၀၁၅ ခုနှစ် အရှေ့ပိုင်းတုန်းက ဖွင့်လှစ်ခဲ့ပါတယ်။

ရွှေလောပန်ကြီးတစ်ဦးဖြစ်တဲ့ ဦးယွမ်ဇော်ခေါင်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ)လက်ထက်ကတည်းက ဂျိတ်လန်း (Jade Land) အမည်နဲ့ ဖားကန့်လုံးခင်းရတနာမြေမှာ ကျောက်မျက်တူးဖော်နေတဲ့ လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်တုန်းက ကချင် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးမှုတွေကို နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိပြည်နယ် ဝန်ကြီးချုပ် ရာထူးကိုရယူထားတဲ့ ဦးခက်ထိန်နန်က ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးတွေကို လုံခြုံရေးအချို့နဲ့ တက်ရောက်လေ့ရှိတယ်လို့ မျက်မြင်တွေ့ရှိရသူတွေက ပြောပါတယ်။

ဒီ မြစ်ဆုံရွှေတူးဖော်တဲ့နေရာမှာ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ ပါဝင်နေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့အပေါ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကို ဆက်သွယ်မေးမြန်းကြည့်ပေမဲ့ ပြန်လည်ဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။

မြစ်ဆုံဧရိယာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်မှာ သက်ဆိုင်ရာက လာရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ လာရောက်ကြည့်ရှုချိန်လေးပဲ ရွှေတူးဖော်တာတွေကို ခဏ နားထားပြီး လက်ရှိမှာတော့ ပြန်လည် တူးဖော်နေတာကို မဇ္ဈိမက စုံစမ်းသိရှိထားပါတယ်။

“သူတို့က နှစ်ရက်၊ သုံးရက်လောက် ခဏနားပြီး အခုပြန်လုပ်နေကြတယ်။ ညကျမှ လုပ်တယ်။ အခုက အစောင့်တွေကိုတောင် သူတို့က ခန့်ထားတယ်။ ဘယ်သူမှ လာဝင်ကြည့်လို့မရအောင် လုပ်တာဖြစ်မယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီ ရွှေတူးဖော်တဲ့ နေရာကို သွားလာခွင့် မရှိဘဲ ဝင်ရောက်လာသူတွေကို ခြိမ်းခြောက်တာတွေရှိနေပြီး ရိုက်နှက်မှုတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမြစ်ဆုံဒေသ ရွှေတူးဖော်တဲ့နေရာ ရွာအဝင်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုရဲ့ ဗျုဟာတပ်စခန်း အသေးလေးတစ်ခု ရှိနေပါတယ်။ ဒီတပ်စခန်းကို ရွာအဝင်မှာ အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပြီး ဒီတပ်စခန်းနဲ့ မြစ်ဆုံဆိုင်တန်းရှိတဲ့နေရာက တစ်မိုင်နီးပါးလောက်သာ ဝေးပါတယ်။

ဒီတပ်စခန်းကို မြောက်ပိုင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ မြစ်ကြီးနားမြို့ တပ်နယ်အထိုင်တပ်တွေဖြစ်တဲ့ အမှတ်(၇) ပညာရေး လေ့ကျင့်ရေးတပ်၊ အမှတ်(၃၇) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၂၉) ခြေလျင်တပ်ရင်းတို့က အလှည့်ကျ တာဝန်ယူလေ့ရှိနေတာကို စုံစမ်းသိရှိရပါတယ်။

ရွှေတူးဖော်တဲ့နေရာတွေမှာ ချိုင့်ခွက်တွေ၊ ကျောက်ပုံတွေဖြစ်နေပြီး ရေကြီးလာချိန်မှာ မြစ်ဆုံရွာထဲကို ရေဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေကြောင့် ကမ်းနံဘေးမြေသားတွေက သဘာဝအတိုင်း ကျစ်လစ်ခိုင်မာမှု မရှိနိုင်တော့ဘဲ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်တာကို စိုးရိမ်တယ်လို့ ဒေသခံလူထုက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

တရားမျှတမှုကို မဖော်ဆောင်နိုင်ဘဲ ဝိသမလောဘသားတွေ ကြီးစိုးနေတဲ့ ဒီနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေမှာ တောင်းဆိုချက်တွေဟာ သဲထဲရေသွန် ဖြစ်နေမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...