စစ်တပ်ပိုင် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ်မှောက်ရန် NUG ထုတ်ပြန်တိုက်တွန်း

စစ်တပ်ပိုင် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ်မှောက်ရန် NUG ထုတ်ပြန်တိုက်တွန်း

စစ်တပ်ပိုင် ကုမ္ပဏီစုများနှင့် ဆက်စပ်လုပ်ငန်းများကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး ၎င်းတို့မှ ထုတ်လုပ်သည့် ထုတ်ကုန်များကို သပိတ်မှောက်ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန် ကြေညာသည်။

စစ်တပ်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက် စပ်သည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက် စာရင်း ထည့်သွင်းလိုက်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောသည်။

နိုဝင်ဘာလ ၁၀ ရက် (ယနေ့)တွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG စီးပွားရေးနှင့် ကူးသန်းရေး ရောင်းဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ် ခင်မမမျိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

NUG က “နိုင်ငံတော် ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် စစ်တပ်၏ စီးပွားရေး လုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တိုနှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းများအား အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည် ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ပြောသည်။

စစ်အုပ်စု၏ စီးပွားရေး အင်ပါယာသည် စျေးကွက်နယ်ပယ်စုံ၌ ထိုးဖောက်နေရာယူကာ စီးပွားရေး အကျိုးအ မြတ်များစွာ နှစ်စဉ် ရရှိနေပြီး နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုခြင်း၊ မလျော်ဩဇာဖြင့် စစ်တပ်၏ လုပ်ပိုင် ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိကြောင်းကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးရုံးမှ စီစစ်တွေ့ရှိရသည် ဟု NUG  ဆိုသည်။

ထို့ကြောင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ပတ် သက်သည့် ကုန်ပစ္စည်းမှန်သမျှကို အသုံးမပြုကြရန် NUG က ပြည်သူများကို တောင်းဆိုထားသည်။

“သို့ဖြစ်ရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သို လှောင်ဖြန့်ဖြူးရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါလုပ်ရပ်များကို စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်သည်” ဟု NUG ၏ ထုတ်ပြန် ချက် ထဲတွင် ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေးအတွက် စစ် အာဏာရှင်များ၏ စီးပွားရေး လုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့ အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဥ်တစ်ရပ်ဖြစ်ပါသည်ဟု NUG က ပြောသည်။

ထိုအနေအထားများကြောင့် NUG အနေဖြင့်  စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ထောက်ပံ့ပေးနေသည့် စစ်တပ်၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက် စပ်နေသည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက် စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...