ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲဖျက်ဆီးခံရ

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ဖောက်ခွဲ ဖျက်စီးခံရသည် ဟု ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင် မုကျိကျေးရွာအနီး မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတား နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။

"ပေါက်ကွဲအသံတော့ ကြားလိုက်တယ် ညက။ မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိ တယ်။ ပေါင်မှာလည်း အခုတလော ပေါက်ကွဲမှုတွေက ခနခနဖြစ်နေတယ်။ လူသေတဲ့အထိတော့ မကြားမိသေး ဘူး" ဟု ပေါင်ဒေသခံတစ်ဦး က ပြောသည်။

မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိခဲ့သည့်အပြင် တံတားဘောင်လည်း ပျက်စီးသွားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Special Force Paung) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ထုတ် ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရထားလမ်းများကို စစ်လက်နက် ရိက္ခာများ သယ်ယူနေခြင်းကဲ့သို့သော စစ်ရေး အတွက် အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ ပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် နေပေးကြရန်လည်း ပေါင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးနှိုးဆော် ထုတ်ပြန်ထားသည်။

ပေါင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းတာဝါတိုင်ဖောက်ခွဲခံရမှုများ အပါအဝင် ပေါက်ကွဲဖြစ်စဥ်များ ဆက် တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။

မြို့နယ်အတွင်းရှိ  ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စား လှယ် နေအိမ်များ၊ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားပြီးနောက်တွင် ထုတ်ပြန်ထားသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...