ကျောင်းသားနှင့် မိခင်အား PDF များ ထောက်ပံ့သည်ဆိုကာ ဖမ်းဆီး

ကျောင်းသားနှင့် မိခင်အား PDF များ ထောက်ပံ့သည်ဆိုကာ ဖမ်းဆီး

ပြည်ခရိုင် ပန်းတောင်းမြို့နယ်နေ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသား နှင့် မိခင်ဖြစ်သူ ကို PDF များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဥသျှစ်ပင်မြို့၊ မကြီးထုံးကျေးရွာသား ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသည့် ကိုထက်ရာဇာနှင့် မိခင်ဖြစ်သူ ဒေါ်သန်းသန်းဌေးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းအချိန်က နေအိမ်တွင် လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မကြီးထုံးကျေးရွာသား အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ”PDF ကို ငွေလှူတဲ့ဟာ ဖေ့ဘွတ်မှာ တင် တယ်ဆိုပြီး စွပ်စွဲဖမ်းတာလို့ပြောတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူသည် စာတော်သူတစ်ဦးဖြစ်၍ မိခင်ဖြစ်သူကလည်း ဆိုင်ကယ်နှင့် ဈေးရောင်းပြီး ကျောင်းထား ပေးနေခြင်း ဖြစ်သည်။

ကိုထက်ရာဇာကို ပန်းတောင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပုဒ်မ ၅၀(ည) နှင့် အမှုဖွင့်ရန် လုပ်ဆောင်နေ သည်ဟု သိရသည်။

ပုဒ်မ ၅၀(ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်သည်။ ထိုပြစ်မှု ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ဆယ်နှစ်မှ တသက်တကျွန်းနှင့် ငွေဒဏ်ကျခံရနိုင်သည့် ပုဒ်မ ဖြစ် သည်။

ကိုထက်ရာဇာနှင့် မိခင်ဖမ်းဆီးထားသည့် နောက်ဆက်တွဲ အခြားအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေး သဖြင့် ဆွေမျိုးသားချင်းများက စိတ်ပူနေကြသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...