သတင်းပေးဟု ကျော်ဇောသူ အထက်တန်းဆရာမ တစ်ဦး ပစ်သတ်ခံရ

သတင်းပေးဟု ကျော်ဇောသူ အထက်တန်းဆရာမ တစ်ဦး ပစ်သတ်ခံရ

 မြို့ပြ ပျောက်ကြား အဖွဲ့၏ သတိပေးခြင်း ခံထားရသော ဒဂုံမြို့သစ် အရှေ့ပိုင်းမှ အထက်တန်း ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး သွားခဲ့သည်ဟု မြောက်ဥက္ကလာပ အဝိုင်းအနီး နေထိုင်သူများက ပြောသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်း အ.ထ.က(၂) ကျောင်းမှ Non- CDM အထက်တန်းပြ ဆရာမ ဒေါ်လှလှသန်းသည် အငှားယာဉ်ဖြင့် နိုဝင်ဘာ ၅ ရက်နေ့၊ နံနက်ပိုင်းက ကျောင်းသို့သွားစဉ် သုဓမ္မာလမ်းနှင့် နွယ်နီလမ်းဆုံတွင် မီးပွိုင့်မိနေချိန် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်း ဖြစ်သည် ဟု (ဃ) ရပ်ကွက်အတွင်း နေထိုင်သည့် ဒေသခံ တစ်ဦးက ပြောသည်။

“အရပ်ဝတ်နဲ့ဆိုတော့ ပထမ ဆရာမမှန်းမသိဘူး နောက်မှသိတာ။ မြင်တဲ့သူတွေကတော့ တစ်ယောက်ထဲ လာ ပစ်တာလို့ ပြောတယ်" ဟု (ဃ) ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြော သည်။

သေနတ်ဖြင့်ပစ်ခံရသည့် အထက်တန်းပြ ဆရာမဒေါ်လှလှသန်းသည် သေနတ်ဒဏ်ရာ ၃ ချက်ရရှိခဲ့သဖြင့် မြောက်ဥက္ကာလာပ ဆေးရုံသို့ တင်ပို့စဉ်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဒေါ်လှလှသန်းမှာ ရပ်ရွာအတွင်းတွင် စစ်ကောင်စီအား သတင်းပေးသူဟု စွပ်စွဲ ခံရမှုများ ရှိခဲ့သကဲ့သို့ မြို့ပြပျောက်ကြား အဖွဲ့တစ်ဖွဲ့ဖြစ်သော Generation Z Defence Force ဂျင်ဇီ ကာကွယ်ရေး တပ်ဖွဲ့၏ သတိပေးခြင်းကိုလည်း ခံထားရသူဖြစ်သည်။

သေဆုံးသူကျောင်းဆရာမနှင့် နီးစပ်သူ တစ်ဦးက “သူ့သားမက်ကစစ်ဗိုလ်။ သူသတင်းပေးလို့ ကလေး ၅ ယောက် အဖမ်းခံရဖူးတယ်။ ရှောင်ပြေးနေရတဲ့ ကလေးတွေလည်း အများကြီးပဲ” ဟု ပြောသည်။

Generation Z Defence Force အဖွဲ့ကလည်း ကျောင်းဆရာမဒေါ်လှလှသန်းအား “ကလေးတွေကို ခြိမ်းခြောက် ဖမ်းဆီးမှုတွေ ဆက်လုပ်နေမယ်ဆို ရောက်ရာနေရာကနေ အသက်ပျောက်အောင်တန်းလုပ်ပါ့မယ်။ ဒီတစ်ခါ ကလေးတွေ တောင်းဆိုမှုကို ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်” ဟု နောက်ဆုံးအကြိမ် သတိပေးစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုများ အနေဖြင့် စစ်ကောင်စီ လက်အောက်ရှိ Non-CDM ဝန်ထမ်းများကို CDM ပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီး နိုဝင်ဘာ ၃ ရက်နေ့၊ ညနေပိုင်းအချိန်ခန့်ကလည်း တောင်ဒဂုံမြို့နယ် အ.ထ.က(၆) ကျောင်းပေါက်ဝကို မီးပုလင်းဖြင့် ပစ်ပေါက်ခံခဲ့ရသည်။

လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်းထိပ်၊ မီးခွက်ဈေးနှင့် ၅ ထိပ် အနီးတို့တွင်လည်း ပစ်ခတ်မှု များဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူများက ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...