Mask မတပ်ရ။ ဖုန်းယူဆောင်လာရမည်

Mask မတပ်ရ။ ဖုန်းယူဆောင်လာရမည်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းတွင် Mask တပ်ထားသူများနှင့် ဖုန်းယူဆောင် မလာသူ များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒဏ်ငွေရိုက်သည်ဟု ဒေသခံများက ပြောသည်။

 

ကျန်းမာရေးအတွက် Mask တပ်လာသူများကို ၅၀၀ ကျပ်ဒဏ်ရိုက်ကာ၊ အပြင်ထွက်စဉ်ဖုန်း ယူဆောင်မလာ သူများကိုလည်း ဒဏ်ငွေ ၅၀၀၀ ကျပ် ဟု ဆိုကာ နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်းယူနေသည်ဟု ဒေသခံများက ပြောသည်။

 

မြို့၏လူစည်ကားသည့် နေရာများတွင် ပိတ်ဆို့တားဆီးပြီး ဖုန်းမပါလာသည့်သူများကို ဒဏ်ငွေ တောင်းရုံသာမက ဖုန်းပါလာသူများကိုလည်း စစ်ဆေးပြီး အကြောင်းမရှိ အကြောင်းရှာ ငွေတောင်းနေကြသည်ဟု ဒေသခံအချို့က ပြောသည်။

 

နိုင်ငံအကျဉ်းသားဟောင်းတစ်ဦး က "တကယ့်ကို ဆိုးသွမ်းတဲ့ လူမိုက်တွေတောင် လူမိုက် စည်းကမ်းထား ကြ တယ်။ စစ်ကောင်စီရဲ့ စစ်သားတွေက ဘာစည်းကမ်းမှ မသိတဲ့ကောင် စားမျိုးတွေ"ဟု ပြောသည်။

 

အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦးကလည်း အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်သည် မိမိတပ်ကိုပင် နိုင်နင်းစွာ ထိန်းကျောင်းနိုင်ခြင်း မရှိဖြစ်နေသဖြင့် လူထုထောက်ခံမှုမရဘဲ မုန်းတီးခြင်းကို ခံနေရသည်ဟု ပြောသည်။

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့ရွာ အသီးသီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲသတင်းတပ်ဖွဲ့ (SB)၊ စရဖတို့ကလည်း ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

 

မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း နိုဝင်ဘာလ ၁ ရက်နေ့က ဖုန်းမပါလာသည့် သူများကို ဒဏ်ရိုက်သည်ဆိုကာ စစ်သားများက ငွေတောင်းမှုများ ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...