Mytel တာဝါတိုင် ၃ တိုင် ဆက်တိုက်ဖောက်ခွဲခံရ

Mytel တာဝါတိုင် ၃ တိုင် ဆက်တိုက်ဖောက်ခွဲခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ဖုန်းတာဝါတိုင် ၃ တိုင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဆက်တိုက် ဖောက်ခွဲဖျက်ဆီးခံရသည်။

ငပုတောမြို့နယ် ငရုတ်ကောင်းမြို့၊ သံပါတ်ကွင်းကျေးရွာတွင် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲပြီးနောက် ၁၅ မိနစ်အကြာတွင် ပိတောက်ကုန်းကျေးရွာ၌ ပေါက်ကွဲကာ၊ ကနစိုးကုန်းကျေးရွာတွင် နံနက် ၈ နာရီခွဲခန့်တွင် ထပ်မံပေါက်ကွဲခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရသည်။

ငပုတော မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက "တိုင်အောက်ခြေက စက်တွေ ဝါယာကြိုးတွေ အကုန်ပျက်စီးကုန်တယ်။ လူထိခိုက်တာတော့ မရှိဘူး" ဟု ပြောသည်။

ငပုတောမြို့နယ် ပြောက်ကျားအဖွဲ့ နှင့် Area-14 အဖွဲ့က အဆိုပါဖောက်ခွဲမှု ၃ ခုအား ပြည်သူများ ထိခိုက်မှုမရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ကျေးရွာများသို့ စစ်တပ်နှင့်ရဲများ ရောက်ရှိပြီး ပိတ်ဆို့စစ်ဆေးနေသည့်အတွက် ဒေသခံများက မသက်ဆိုင်သူများကို ဖမ်းဆီးနှိပ်စက် စစ်ဆေးမည်ကို စိုးရိမ်လျှက်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

"စစ်တပ်နဲ့ရဲက ကြွက်မနိုင် ကျီမီးရှို့လုပ်ကြမှာ။ တွေ့ရာလူကို ရမ်းသမ်းဖမ်းကြတော့ ရွာကလူတွေက လန့်နေကြတယ်" ဟု ငပုတောဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း မိုင်တဲဖုန်းတာဝါတိုင်များ မကြာခဏ မိုင်းခွဲမီးရှိုးဖျက်ဆီးခံနေရပြီး မိုင်တဲဖုန်းတာဝါတိုင် ၂၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကာလတန်းဖိုအားဖြင့် ကျပ်သိန်းပေါင်း ၄ သောင်းနီးပါခန့်ရှိနိုင်သည်ဟု PDF အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဖုန်းတာဝါတိုင် တစ်တိုင်ကုန်ကျစားရိတ်မှာ အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ ခန့်အထိ ရှိသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...