တပ်ထောက်ခံပွဲအတွက် လူစုနေစဉ် Mytel တာဝါနှစ်ခု ဖျက်စီးခံရ

တပ်ထောက်ခံပွဲအတွက် လူစုနေစဉ် Mytel တာဝါနှစ်ခု ဖျက်စီးခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်ကောင်စီ တပ်ထောက်ခံပွဲပြုလုပ်ရန် လူစုနေစဉ် Mytel ဖုန်းတာဝါတိုင်နှစ်တိုင် ဆက်တိုက်ပေါက်ကွဲခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်က အမှတ် ၁၆ ရပ်ကွက် တံခွန်တိုင် ဘုန်းကြီးကျောင်းအနီးရှိ Mytel ဖုန်းတာဝါတိုင်နှင့် မြစ်တမ်းကျေးရွာအတွင်းရှိ Mytel ဖုန်းတာဝါတိုင်တို့ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"စစ်ကောင်စီကစီစဉ်တဲ့ တပ်ထောက်ခံပွဲကို မဘသတွေနဲ့ အုပ်ကြီးအချို့က လူစုနေချိန်မှာ ပေါက်တာ ၅ မိနစ်လောက်ပဲခြားတယ်" ဟု ဖျာပုံမြို့ခံတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံပြောက်ကျားတပ်ဖွဲ့ ဖြစ်သည့် "ဧရာဗေဒါ" အဖွဲ့က စစ်အုပ်စု၏ Mytel ဖုန်းတာဝါတိုင်ကို အများပြည်သူအား ထိခိုက်မှုမရှိစေပဲ ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။

မကြာသေးမီရက်များအတွင်းကလည်း မြောင်းမြမြို့နယ်အတွင်း Mytel ဖုန်းတာဝါတိုင်နှစ်ခု မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က မြောင်းမြမြို့နယ်၊ မဒေါ့ချောင်းကျေးရွာရှိ စစ်အုပ်စုပိုင် Mytel ဖုန်းတာဝါတိုင်ကို မိုင်းခွဲကာ ဓါတ်ဆီလောင်း မီးရှို့ဖျက်ဆီးခံရပြီး ကျောင်းကုန်းမြို့ ကျူတောကုန်းရွာထိပ်ရှိ Mytel ဖုန်းတာဝါတိုင်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ညကမိုင်းခွဲ ဖျက်ဆီးခံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံ ဦးတင်မြင့်က “စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေတယ်ဆိုပြီးတော့ မိုင်တဲတာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးကြတာ အခုနောက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာတယ်" ဟု ပြောသည်။

Mytel ဖုန်းတာဝါတိုင် ပေါက်ကွဲမှုများတွင် ဆက်စပ်သည့်စက်ပစ္စည်းများ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း Mytel တာဝါတိုင် မိုင်းခွဲမီးရှို့ဖျက်ဆီးခံမှု ၁၅ ကြိမ်ခန့်ထက်မနည်း ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက ဖုန်းတာဝါတိုင်များ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ၄၀ ကျော်ရှိသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...