ကွယ်လွန်သွားသည့် KNLA တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာ ဈာပန ပြီးစီး

ကွယ်လွန်သွားသည့် KNLA တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာ ဈာပန ပြီးစီး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ KNLA တပ်မဟာ (၆) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးစွာသည် ပြီးခဲ့သည့်နှစ်ရက်က ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် ၎င်းနေထိုင်သည့် မက်ကသာရွာသစ်ရှိ နေအိမ်ခြံဝင်းတွင် ဂူသွင်းသဂြိုလ်သည့် ဈာပနအခမ်းအနားကို ပြုလုပ်ပြီးစီးပြီဖြစ်သည်။

အသက် ၇၅ နှစ်ရှိပြီဖြစ်သည့် ဗိုလ်မှူးကြီးစောဂျိုးဆွာသည် ကိုဗစ်ကူးစက်ခံရပြီး ရောဂါအခံများကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးသွားရောက်ကုသစဉ် အောက်တိုဘာလ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်သယ်ဆောင်လာကာ ခရစ်ယာန်ထုံးတမ်းအစဉ်လာအရ ဂူသွင်းသဂြိုလ်လိုက်ခြင်းဖြစ်ကြောင်း နီးစပ်သူထံမှ သိရသည်။

ဗျူဟာမှူး စောဂျိုးစွာသည် ၁၉၆၆ ခုနှစ်က ကရင့်တော်လှန်ရေးထဲသို့ တပ်သားတစ်ဦးအနေဖြင့် တပ်မဟာ (၆) နယ်မြေတွင် ဝင်ရောက်လာပြီး တပ်စည်းမျဉ်းစည်းကမ်းများအရ တပ်ကြပ်ကြီးအဆင့်၊ ဗိုလ်အဆင့်၊ အရာခံဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးကြီးအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၀ ခုနှစ် မေလ ၃ ရက်နေ့တွင် KNLA တပ်ရင်း (၁၆) ၏ တပ်ရင်းမှူးဖြစ်လာပြီးနောက်၂၀၀၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် တပ်မဟာ (၆) ဗျူဟာမှူးတာဝန်ကို ထပ်ဆင့် တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။

၎င်းကွယ်လွန်ခြင်းအပေါ် ကေအဲန်ယူ-ဗဟိုကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ရေးသားပေးပို့ခဲ့သည်။

သဝဏ်လွှာထဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးက “ကေအဲန်ယူ-ကရင်တော်လှန်ရေး လုပ်ဆောင်နေတဲ့ ကာလတစ်လျှောက်မှာ သူဟာ ပေးအပ်တဲ့တာဝန်တွေကို တတ်နိုင်သလောက်ပေးဆပ်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ ပြီးတော့ သူလုပ်ဆောင်ရတဲ့အထဲမှာ အခက်အခဲဘယ်လောက်ရှိရှိ ထုတ်ဖော်ပြောပြတာ မရှိခဲ့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကို လေးစားချစ်ခင်နေရတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ သူ့ရဲ့တစ်သက်တာမှာ ကရင်လူမျိုးကိုချစ်ပြီး လူမျိုးအတွက် သက်ဆုံးတိုင်အထိ အင်တိုက်အားတိုက် ပါဝင်ပေး ဆပ်ဆောင်ရွက်နေတဲ့အတွက် ကရင်တစ်မျိုးသားလုံးရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုပါတယ်” ဟု ပြောဆိုထားသည်။

ဝါရင့်ကရင်တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစောဂျိုးဆွာ ကွယ်လွန်ချိန်တွင် သားသမီး (၆) ဦးနှင့် မြေး ၁၀ ဦးကျော် ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။

KNU တပ်မဟာ (၆) တွင် KNLA တပ်ရင်း (၁၆)၊ တပ်ရင်း (၁၇)၊ တပ်ရင်း (၁၈)၊ KNDO စသည့် တပ်ရင်းများရှိပြီး လက်ရှိအချိန်တွင် ၎င်းတပ်မဟာ၏ စစ်ဗျူဟာမှူးအသစ် မည်သည့်အချိန်တွင် ပြန်လည်ရွေးချယ်မည်ကို မသိရှိရသေးပေ။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...