ထားဝယ်ခရိုင်အတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင်အတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင်အတွင်း အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို အောက်တိုဘာ ၂၆ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် သေနတ်သမားတစ်ဦးက ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ ဦးစိုးစိုးသည် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အထူးရဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နေအိမ်တွင်ရှိနေသည့် ဦးစိုးစိုးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဝင်းကဖော်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက “ ဒိုင်း ဆိုတဲ့အသံ တစ်ချက်ပဲကြားတယ်။ အိမ်ပေါ်မှာ တက်ပစ် သွားတာ။ သူ့မိန်းမနဲ့ကလေးတွေ အော်ငိုသံကြားမှ စိုးစိုးသေသွားပြီဆိုပြီး ရွာသားတွေ သိကြတာ” ဟု ပြောသည်။

ပစ်သတ်ခံရသူ ရွေးကောက်ပွဲ အထူးရဲ ဦးစိုးစိုးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တရင်းတနှီးရှိပြီး ရံဖန်ရံခါ ကားမောင်းလိုက်ပို့ပေးလေ့ရှိကာ စစ်ကောင်စီက ဖမ်းဆီးထားသူများကို စစ်ဆေးရာတွင်လည်း အမြဲပါဝင်လေ့ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

အထူးရဲဆိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန် မဲရုံများတွင် လုံခြုံရေးတာဝန်ယူရန်အတွက် သီးခြားရွေးချယ် လေ့ကျင့်ပေးခံထားသူများဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခွင့်မရှိပေ။

အထူးရဲအတွက် ခေါ်ယူလေ့ကျင့်ပေးခံရသူအများစုမှာ အရပ်သားများသာဖြစ်ကြပြီး မြို့နယ်အလိုက်ရှိနေကြသည့် ကြက်ခြေနီ၊ အရန်မီးသတ်၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များတွင် လုပ်ကိုင်ဖူးသူများဖြစ်ကြသည်။

ဦးစိုးစိုး ပစ်သတ်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ကျေးရွာထဲက လူမရှိသည့်နေအိမ်တစ်အိမ်ကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အိမ်အတွင်းသို့ လက်ပစ်ဗုံးဖြင့်ပါ ဖေါက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ရွာလုံး မီးရှို့ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် ရွာသားအချို့က စိုးရိမ်ထိတ်လန့်ပြီး နေအိမ်မှစွန့်ခွာရှောင်တိမ်းနေကြသည်များလည်း ရှိနေသည်ဟု ရွာသားများကပြောသည်။

တောင်ပျောက်တိုက်နယ်သည် ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည့် နယ်မြေတစ်ခုဖြစ်သည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...