ဒွာရဝတီစျေးသစ်ကြီးနှင့် ပတ်သက်ပြီး သူတို့ ရင်ဆိုင်ကြံုတွေ့နေရသော အခက်အခဲများကို စျေးအတွင်း ဆိုင်ရောင်းချနေ သူ ဒေါ်ခင်ခင်ကျော့က ယခုလို ပြောသည်။
”မှောင်နေတော့ ဆိုင်ခန်း တစ်ခန်းကို ပစ္စည်းလှောင်တဲ့ အခန်းလုပ်ထားရတယ်။ စျေးရောင်းလို့ ဘယ်လိုမှ မရဘူး။ အခန်းတွေကလည်းကျဉ်း၊ ရေမြောင်းကအဆင်မပြေတော့ မိုးရွာရင် မြောင်းသေးသေးလေးတွေက ရေလျှံတက်လာတယ်။ တစ်စျေးလုံးမှာ စျေးလုံခြံုရေးအတွက် မီးလေးငါးပွင့်ရှိတယ်။ သူတို့ဖွင့်ချင်တဲ့ အချိိ်န်ဖွင့်ပြီး ပိတ်ချင်တဲ့အချိန်ပိတ်တယ်။ မီးကြိုးကအဆိုးတွေတပ်ထားတော့ လွန်ခဲ့တဲ့တစ်ပါတ် ကဝါယာရှော့ဖြစ်တယ်။ နေ့လယ် လူတွေရှိနေချိန်ကြောင့်ပေါ့၊ မဟုတ် ရင်တစျေးလုံးကုန်တယ်။ စျေးထဲမှာ မိုးမရွာဘဲ နေသာရင်တောင် မှောင်နေတယ်။ မိုးရွာနေရင်တော့ စျေးဆိုင်ထဲမှာ တစ်ယောက်ကိုတစ်ယောက်မမြင်ရဘူး” ဟု ဆိုသည်။
စျေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင်ကလည်း ”မိုးရာသီမှာ စျေးအတွင်း ရေမြောင်း စနစ်မကောင်းလို့ ရေလွှမ်းတဲ့ ဒဏ်ခံရတယ်။ နောက်ဆိုင်ခန်းတွေရဲ့ ကျဉ်းမြောင်းမှုက နိုင်ငံခြားသား မပြောနဲ့ ကိုယ့်ဒေသက လူတောင် အဆင်ပြေမှုမရှိဘူး။ မိလ္လာစနစ်လည်း အဆင်မပြေဘူး။ မျက်နှာကျက် ကျောက်ပြားကလည်း သတ်မှတ်တဲ့ စံချိန်စံညွှန်း မမှီမှု။ ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ တင်ပြညှိနှိုင်းပေမယ့် အခုအချိန်အထိ အကောင်အထည်ဖော်မှုမရှိသေးပါ။ တချို့ဆိုင်ရှင်တွေဆိုရင် ဆိုင်ပိတ်ထားရတယ်။ မီးမရှိတာတို့၊ အခန်းကျဉ်းတာတို့ကြောင့် စျေးထဲက ဆိုင်တွေကို ပိတ်ထားပြီး အပြင်မှာ အိမ်ငှား ရောင်းနေကြရတယ်” ဟု ပြောသည်။
သံတွဲစျေးကြီး မိလ္လာစနစ် မကောင်းပုံကိုလည်း စျေးမိလ္လာ ကန်ထရိုက် ဆွဲထားသူ ဦးကြည်လင်က ယခုလို ပြောသည်။
”ကျွန်တော်စျေးအိမ်သာကို လေလံဆွဲတာ ၂ နှစ်ရှိပါပြီ။ လေလံကြေးက သိန်း ၈၀ ကျော်ပါတယ်။ အိမ်သာတွင်းက အနက်ခြောက်ပေပဲရှိတယ်။ မိုးရွာရင်တွင်းက တစ်ရက်နဲ့ ပြည့်တာပဲ။ စည်ပင်က မိလ္လာ စုတ်စက်နဲ့ လာစုတ်ပေးပါတယ်။ မိလ္လာစုတ်ယူခအနေနဲ့ တစ်လကို တစ်သိန်းနှစ်သောင်း လစဉ်ပေးရတယ်။ တစ်ပါတ်ကို နှစ်ခေါက်လောက်ပဲထုတ်ပေးတယ်။ လျံကျပြီး အနံ့မခံနိုင်လွန်းလို့ပြောအားကြီးမှ သုံးခေါက် ထုတ်ပေးတယ်။ ဒီလောက်စျေးကြီးမှာ မိလ္လာတွင်းက အနက် ခြောက်ပေပဲ ရှိတယ်ဆိုတော့ စဉ်းစား ကြည့်ကြပေါ့ဗျာ” ဟု သူက ဆိုသည်။
သံတွဲ ဒွာရဝတီစျေးကြီး မီးလောင်ပြီးနောက် ချက်ချင်းဆိုသလို ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး ရောက်ရှိလာပြီး သံတွဲဒွာရဝတီ စျေးကြီးအား ခေတ်မီ စျေးသစ်ကြီးအဖြစ် တည်ဆောက်ပေးမည်သာမက ပိုထွက်လာသော စျေးဆိုင်ခန်းများကို ရောင်းချကာ မီးလောင်ရာတွင် နစ်နာခဲ့ရသူများကို လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
လက်တွေ့တွင် ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး ပြောစကားနှင့် ဖြစ်ပျက်နေပုံမှာ များစွာကွာခြားနေသည်ဟု ဒွါရာဝတီ စျေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအောင်စည်မိုးက ဆက်လက် ပြောဆိုသည်။
“အဲဒီကာလက တာဝန်ယူထားတဲ့ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး သံတွဲလာတုန်းကပြောခဲ့တယ်။ တည်ဆောက်မှု ပုံစံအရ အခန်း ပိုထွက်ခဲ့ရင် ရောင်းချပြီးတော့ ရောင်းလို့ရတဲ့ ငွေနဲ့ မီးလောင်ဆုံးရှုံးလို့ နစ်နာခဲ့ရတဲ့ စျေးသူစျေးသားတွေ သက်သာရာရအောင် ခုနှိမ်ပေးမယ်လို့ပြောခဲ့တယ်။ စျေးသစ်ဆောက်တော့ အခန်း ၁၁၄ ခန်းပိုထွက်တယ်။ အဲဒီပိုတဲ့ အခန်းတွေကို တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌနဲ့ အပေါင်းပါတွေသာမက အဲဒီကာလ တာဝန်ကျခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က သူတို့ကိုယ်ပိုင် ယူလိုက်ကြတယ်။ နိုင်ငံတော်အနေနဲ့ ဒီဆိုင်ခန်းတွေကို တရားဥပဒေနဲ့အညီ ဖြစ်သလား ဆိုတာကို ပြန်လည်စိစစ်ပြီးလုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လေးက ”စျေးက အင်္ဂါရပ်ပြည့်စုံမှု မရှိလို့ အန်ကယ်တော့ အားမရဘူး။ ရေမြောင်းဆို ပါတော့ နှစ်ပေလောက် နက်ရမယ်။ အခုက ရေမြောင်းအရမ်း တိမ်တော့ မိုးရွာရင်ရေမစီးနိုင်ဘူး။ လျှပ်စစ်မီးမရှိဘူး။ အပေါ်မျက်နှာကျက်တွေက လေတိုက်ရင် ပြုတ်ကျတယ်။ တည်ဆောက်မှုအရ မျက်နှာကျက်တစ်ချပ်ခွါရင် တစ်စျေးလုံး ကြိုက်တဲ့အခန်း ဝင်နိုင်တယ်။ လုံခြံုရေး အရမ်းအားနည်းတယ်။ စျေးသူစျေးသားတွေ တိုင်ကြားထားတဲ့ စာတွေကိုရပါတယ်။ အပါတ်စဉ်အင်္ဂါနေ့တိုင်း ခရိုင်အစည်းအဝေးမှာ စျေးကိစ္စကို တင်ပြဆွေးနွေးဖြစ်ပါတယ်။ လက်တွေ့ ဆောင်ရွက်မှုကတော့ ဘာမှဖြစ်မလာသေးပါဘူး” ဟု ဆိုသည်။
ဒွာရဝတီ သံတွဲမြို့မစျေးကို Rich Life Construction Group ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်း ပြည့်မှီမှုမရှိခြင်း စျေးတည်ဆောက်ရေး ကော်မတီမှ စံမမှီသည့် စျေးကို လက်ခံခဲ့ခြင်းအပေါ် သက်ဆိုင်သူများမှ မည်သို့မှ အရေးယူ ဆောင်ရွက်ခြင်းမရှိပါက ဆန္ဒဖော်ထုတ်၍ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စျေးကော်မတီ ဒုအတွင်းရေးမှူး ဦးစံအောင်က နိရဥ္စရာကို အတည်ပြု ပြောကြားသည်။







