KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်၊ KIA ဘက်မှ တာဝန်ယူမည်မဟုတ်

KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်၊ KIA ဘက်မှ တာဝန်ယူမည်မဟုတ်
ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်
ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင် မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဒေသခ (၆) ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ (၂၄) ရက် ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ ဒေသခံများသည် ကချင်တပ်မတော် (KIA) ထိန်းချုပ်နယ်မြေထဲ တောင်ယာလုပ်ရန်အတွက် ခြံခုတ်ရှင်းလင်းမှုကြောင့် KIA မှ ပြည်သူ (၉၈) ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုထဲမှ ကျေးရွာ အုပ်ချုပ်ရေးကော်မတီ (၆)ဦးကို ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး ရိုက်နှက်ခံရသူ တချို့သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တချို့မှာ နံရိုးကျိုးသွားသည် အထိဒဏ်ရာရရှိခဲ့သော်လည်း KIA မှ တာဝန်ယူ ဆေးကုသပေးမည် မဟုတ်ကြောင်း ရိုက်ခံရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က ခြံသွားရှင်းလို့ဆိုပြီးတော့ အကုန်လုံးကို ဖမ်းထားတာ။ အုပ်ချုပ်ရေးပိုင်းက ကော်မတီတွေကို ဖမ်းဆီးပြီး ရိုက်နှက်တာ။ သူတို့ရိုက်တာ ကျွဲ၊ နွား ရိုက်သလိုပဲ။ လက်တီးနဲ့လည်း ထိုးတယ်။ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ရိုက်ခံရတဲ့ထဲမှာ တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ နံရိုးကျိုးသွားတာလားမသိဘူး” ဟု ရိုက်ခံရသူတဦးက ပြောသည်။

ထိုရိုက်ခံရသူများသည် လက်ရှိတွင် မိမိစရိတ်ဖြင့်သာ ဆေးကုသနေရကြောင်း၊ ဆေးရုံ၊ ဆေးခန်းသို့ သွားပြီး ဓာတ်မှန်ရိုက်ခြင်းလည်း မရှိသေးကြောင်း ရိုက်ခံရသူတစ်ဦးက ပြောသည်။

“သူတို့ရိုက်တာ အသားတွေတောင် ညိုမဲတယ်။ တယောက်တော့ နံရိုးကျိုးသွားသလို ခံစားရတယ်တဲ့။ သူ့ကို ဆေးရုံခေါ်သွားပြီး ဓာတ်မှန်ရိုက်ရအုံးမယ်။ သူတိုခြေထောက်နဲ့ကန်တော့ ဗိုက်နားထိသွားလို့ထင်တယ်။ မထနိုင်သေးဘူးလို့ပြောတယ်” ဟု ပန်လောဒေသခံက ပြောသည်။

ပန်လောကျေးရွာဒေသခံ ပြည်သူများကို ထိုနေရာတွင် တောင်ယာမလုပ်ရန် တားမြစ်ထားသောကြောင့် ရိုက်နှက်ခံရသည့်သူများကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကျန်းမာရေးပိုင်းဆိုင်ရာများကို တာဝန်ယူဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဦးဘရန်ဂေါင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနယ်မြေက ကျနော်တို့ ထိန်းချုပ်နယ်မြေ။ လာပြီး မလုပ်နဲ့လို့ ကျနော်တို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ ဒီတခါတော့ ကျနော်တို့လည်း ခေါ်ပြီး စစ်ဆေး ရိုက်နှက်တာရှိတယ်။ ရိုက်နှက်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း ကျနော်တို့ တာဝန်မယူပါဘူး။ သူတို့ရဲ့ ပြစ်ဒဏ်ပဲ” ဟု KIA မှ ဦးဘရန်ဂေါင်က ဆိုသည်။

ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာပြည်သူများသည် တောင်ယာလုပ်ရန်အတွက် KIA တပ်ဖွဲ့ ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ထင်းရှူးပင်များ၊ ဝါးပင်များကို ခုတ်ထစ်ရှင်းလင်းမှုကြောင့် KIA မှ ပြည်သူများပိုင်ဆိုင်သည့် ဆိုင်ကယ် (၁၇) စီးကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို ဆိုင်ကယ် (၁၇) စီးကို ပြန်လည်လိုချင်ပါက ပန်လောကျေးရွာပြည်သူများ ခုတ်ထစ်ခဲ့သည့် ထင်းရှူးပင်နှင့် ဝါးပင် အတွက် လျော်ကြေးငွေ (၁၅) သိန်းနှင့် နွားတကောင်ကို လျော်ကြေးပေးဆောင်ရမည်ဟု KIA ဘက်မှ တောင်းဆိုထားသည်။

“ကျနော်တို့ တောင်ယာလုပ်ဖို့အတွက် အပင်တွေ ခုတ်ပစ်လို့ဆိုပြီးတော့ သူ (KIA) တို့က ကျနော်တို့ကို ပိုက်ဆံ (၁၅) သိန်းနဲ့ နွားတကောင် တောင်းတယ်။ တကယ်လို့ ကျနော်တို့ မပေးရင် သူတို့သိမ်းထားတဲ့ ဆိုင်ကယ်တွေကို ပြန်မပေးဘူးလို့ ပြောတယ်” ဟု ပန်လောကျေးရွာဒေသခံမှ ရိုက်ခံရသည့်သူက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကချင်တပ်မတော် (KIA) တာဝန်ရှိသူ ဦးဘရန်ဂေါင်က “သူတို့က ထင်းရှူးပင်ကော၊ ဝါးပင်တွေကိုပါ ခုတ်ပစ်တယ်။ ကျနော်တို့ လျော်ကြေးငွေ သိန်း (၅၀) တောင်းထားတယ်။ သူတို့ကနေ (၁၅) သိန်းနဲ့ နွားတကောင် လာပေးမယ်လို့ ပြောတယ်။ ကျနော်တို့လည်း သဘောတူပေးပြီးတော့ ဖမ်းဆီးထားတဲ့ (၆) ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီနေ့ဒီချိန်ထိတော့ သူတို့ဘက်က ဘာမှ ပြန်ပြောလာတာ မရှိသေးဘူး” ဟု ပြောသည်။

ထိုနယ်မြေသည် ယခင်က ‌ဒေသခံပြည်သူများပိုင်ဆိုင်ပြီး လုပ်ကိုင်ခဲ့ရာ ကချင်တပ်မတော် (KIA) က ကွတ်ခိုင်ပြည်သူ့စစ်ထံမှ သိမ်းဆည်းရယူခဲ့တာဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...