သမိုင်းဝင် ကော်သူးလေနေ့ကို မဖြစ်မနေသိရန်လိုအပ်ကြောင်း ကေအဲန်ယူ ပြောကြား

သမိုင်းဝင် ကော်သူးလေနေ့ကို မဖြစ်မနေသိရန်လိုအပ်ကြောင်း ကေအဲန်ယူ ပြောကြား
by -
ကေအိုင်စီ
ကရင်လူထုတစ်ရပ်လုံးကို ဦးဆောင်မှုပေးရန် ဖွဲ့စည်းခဲ့သော ကော်သူးလေနေ့သည် သမိုင်းဝင်နေ့ဖြစ်သည့် အ တွက် အလေးအနက်ထားပြီး မဖြစ်မနေသိရန် လိုအပ်ကြောင်း ဇွန် ၁၄ ရက်နေ့၌ ကျရောက်သည့် ကော် သူးလေ အစိုးရဖွဲ့စည်းခြင်း (၆၈)နှစ်ပြည့်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော့ကရိတ်မြို့နယ် က ပြောကြားလိုက်သည်။

ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ရုံးတွင် ပြုလုပ်သော (၆၈)နှစ်ပြည့် ကော်သူးလေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အတွင်းရေးဖြစ်သူ စောအယ်ကော်သောက မြို့နယ်အတွင်း ဋ္ဌာနပေါင်းစုံမှ တက်ရောက်လာသူ ဝန်ထမ်းများအား ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက“ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့တယ်ဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပဲ ကျနော်တို့ ကရင် အမျိုးသားအတွက် အာမခံချက် ပေးနိုင်တဲ့ ဗဟိုအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ ကေအဲန်ယူအတွက် လည်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို စနစ်တကျ ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို နေ့ထူးနေ့မြတ်ကို ကရင်အမျိုးသားတွေ အမှတ်ရစေဖို့ ကျင်းပတာ ဖြစ်တယ်”ဟု ပြောသည်။

ကရင်အမျိုးသားများနှင့် သက်ဆိုင်သည့် အခြားနေ့ထူးနေ့မြတ်များကိုလည်း အထူးသဖြင့် လူငယ်များအနေဖြင့် ယခင် သတိမပြု၊ မသိထားပါက ယခုအချိန်မှစ၍ သိရှိအောင် ကြိုးစားပြီး အလေးအနက် ထားကြရန်နှင့် ကျရာ ကဏ္ဍတွင် အမျိုးသားအတွက် တာဝန်ထမ်းဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ယင်းကော်သူးလေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြို့နယ်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ လူငယ်၊ အမျိုးသမီးနှင့် တပ်ဖက်ဆိုင်ရာ ရဲ၊ စစ်တပ် စသည့် ဋ္ဌာနများမှ ဝန်ထမ်း ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး လူငယ်အများဆုံး ပါဝင်ခဲ့သည်။

အခမ်းအနား တက်ရောက်သည့် ကရင်လူငယ် စောအယ်စိုးက “ကော်သူးလေနေ့ ရှိတယ်ဆိုတာ ကျနော် မသိပါဘူး။ ကော်သူးလေနေ့ အခမ်းအနားကို ကျနော် ပထမဦးဆုံးအကြိမ် တက်ရောက်ခွင့်၊ သိခွင့် ရတဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတကြီးတစ်ခုပါပဲ။ ဒီလို သမိုင်းဝင်နေ့မျိုးကို ကျနော်တို့ လူငယ်တွေထဲမှာ သိထားသင့်တဲ့ နေ့တနေ့ပဲလို့ မှတ်ချက်ပေးချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖဆပလ အစိုးရနှင့် ကေအဲန်ယူ လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား ရန်ကုန်တိုင်း အင်းစိန်၌ (၁၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်နေ့၊ ကော်သူးလေမြို့တော်အဖြစ် ထားရှိသည့် တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်သူးလေ အစိုးရ ဖွဲ့စည်းရာတွင် စောဘဦးကြီး (ဝန်ကြီးချုပ်)၊ ဦးလှဖေ (နိုင်ငံခြားရေး ဝန်ကြီး)၊ စောဖိုးမောင် (ပြည်ထဲရေးဝန်ကြီး)၊ ကော်ကစာ ရွှေလေး (ကာကွယ်ရေးဝန်ကြီး)၊ ကော်ကစာ တူးရာအူး(ဘဏ္ဍာရေးဝန်ကြီး)၊ စောစိန်တင် (လယ်ယာနှင့် သစ်တောဝန်ကြီး)၊ ပဒို ဘထွန်း (ပညာရေးဝန်ကြီး) နှင့် စောဂျွန်ဆင် ဒီဖိုးမင်(လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး)တို့အား မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အဆိုပါ ကော်သူးလေအစိုးရ ဖွဲ့စည်းခဲ့ခြင်းကို တောင်ငူမြို့ ကော်သူးလေအသံလွှင့်ဋ္ဌာနမှ ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်အသံလွှင့်ခဲ့ပြီး ယင်းကဲ့သို့ ထုတ်လွှင့်အပြီး နောက်တနေ့တွင် နိုင်ငံခြားအသံလွှင့်ဋ္ဌာနများဖြစ်ကြသည့် BBC, All India, ပါကစ္စတန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ရှိ အသံလွှင့်ဋ္ဌာနများကလည်း အဆိုပါ သတင်းကို ထုတ်ပြန်အသံလွှင့်ခဲ့သည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...