သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက် ခံနေရသည်ဟု သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောသည်။
စစ်ကော်မရှင်က ဇူလိုင်လအတွင်း ပြဋ္ဌာန်းခဲ့သည့် ‘ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ ကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူလူထု၏ ဝေဖန် ကန့်ကွက်ပိုင်ခွင့်များ ဆုံးရှုံးနေရသည်ဟု ဆိုသည်။
ထို့အပြင် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပြဋ္ဌာန်းချက်များကြောင့် သတင်းထောက်များ အသက် အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း မီဒီယာအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ရွေးကောက်ပွဲဥပဒေ၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍သော်လည်းကောင်း ချိုးဖောက်ပြီး ဖော်ထုတ်ရေးသားမှုများ မလုပ်ရဲအောင် ဖိအားပေးခြင်းဖြစ်ကြောင်း သတင်းထောက်များက ထောက်ပြသည်။
ကချင်းသတင်းဌာနက စီနီယာသတင်းထောက် ဦးလဂွေက “ဒီရွေးကောက်ပွဲဥပဒေတွေ ထုတ်ထားလိုက်တော့ ဘယ်သူမှ မဖော်ထုတ်ရဲအောင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထောက်ခံအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက သွယ်ဝိုက်ပြီးမှ မလုပ်ရဲအောင် ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ ဆိုတော့ သတင်းမီဒီယာတွေကို အသက်ပါခြိမ်းခြောက်တဲ့ ဥပဒေဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။
ရွေးကောက်ပွဲ ပျက်ပြားစေရန် စာရေးသားခြင်း အပါအဝင် အနှောင့်အယှက်ပေးသည့် လုပ်ရပ်များအတွက် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော အဆိုပါ ဥပဒေကြောင့် သတင်းမီဒီယာ များ ဖိနှိပ်ခြိမ်းခြောက်မှုများ ခံနေရသည်ဟုလည်း အသံအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကရင်နီအခြေစိုက် အမျိုးသမီး သတင်းထောက်တစ်ဦးကလည်း ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်အထိ ချမှတ်နိုင်ခြင်းသည် သတင်းထောက်များအတွက် အလုပ်လုပ်ခွင့် လွတ်လပ်မှုကို ကန့်သတ်နိုင်သည့် ကြီးမား သော စိုးရိမ်ချက်ဖြစ်လာစေပြီး၊ သတင်းအရင်းအမြစ်များထံမှ သတင်းပေးပို့မှု အားနည်းစေသည်ဟု ပြောသည်။
အဆိုပါဥပဒေသည် ပြည်သူများ၏ လွတ်လပ်စွာ ကန့်ကွက်ပိုင်ခွင့်ကို ချိုးဖောက်သည့်အတွက် ဥပဒေတစ်ရပ် မဟုတ်ဘဲ ဖိနှိပ်ခြိမ်းခြောက်သည့် ယန္တရားတစ်ခုသာ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာန အမှုဆောင်အယ်ဒီတာ ဦးရဲနည်က ထောက်ပြသည်။
“ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတယ်ဆိုကတည်းက အဲ့လိုမျိုး ဥပဒေမဟုတ်တော့ဘူးလေ။ အခုဟာက တစ်ဖက်သတ် အာဏာသိမ်းထားပြီးတော့မှ အမိန့်အာဏာနဲ့ ခြိမ်းခြောက်နေတဲ့ အခြေအနေမှာ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပဲဆိုတာကတော့ မရှိတော့ဘူးပေါ့နော်။”
မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ကောက်ယူထားသည့် အချက်အလက်များအရ ယခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရွေးကောက်ပွဲ ဥပဒေဖြင့် နိုင်ငံတစ်ဝန်းတွင် ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းလဲန်း (Chinland)၊ အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အပါအဝင် သတင်းမီဒီယာ ချန်နယ် သုံးခုကိုလည်း အဆိုပါ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည်။
စစ်ကော်မရှင်၏ ဥပဒေများသည် နိုင်ငံတကာ စံနှုန်းနှင့် မကိုက်ညီသောကြောင့် မီဒီယာဌာနများအနေဖြင့် မိမိ တို့၏ လုပ်ငန်းကျင့်ဝတ်နှင့်အညီ တစ်စိုက်မတ်မတ် ဆက်လက်ရေးသား ဖော်ထုတ်သွားကြရန် လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌ နန်းဖော့ဂေက တိုက်တွန်းထားသည်။
နန်းဖော့ဂေက “သူ့လိုရာ ဆွဲသွင်းတဲ့ ဥပဒေပေါင်းစုံနဲ့တော့ ဒီသတင်းသမားတွေကော သတင်းအရင်းမြစ်တွေ ကို ရော အများပြည်သူကိုရော အချိန်မရွေး သူလုပ်နိုင်တဲ့ ပါဝါ သူ့လက်ထဲမှာရှိတဲ့ အနေအထားမျိုး ဖြစ်တဲ့ အခါ ကြတော့ အားလုံးကတော့ အထူးသတိထားပြီးတော့ လုပ်ဆောင်ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်ပေါ့ နော်” ဟု ပြောသည်။
၎င်းက ရွေးကောက်ပွဲဥပဒေအပြင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ (၁၇/၁) နှင့် အသရေဖျက်မှု ပုဒ်မများကဲ့ သို့ စစ်ကော်မရှင်က လိုရာဆွဲသွင်းနိုင်သည့် ဥပဒေပေါင်းစုံဖြင့် သတင်းသမားများနှင့် သတင်းအရင်းအမြစ်များ ကို ခြိမ်းခြောက်နေကြောင်းလည်း ထောက်ပြခဲ့သည်။







