စစ်ရှောင် ၆ နှစ်ပြည့် အခမ်းအနား စီစဉ်သူ ၃ ဦး ဒဏ်ငွေ ၉၀၀၀၀ ဖြင့် အမှုအဆုံးသတ်

စစ်ရှောင် ၆ နှစ်ပြည့် အခမ်းအနား စီစဉ်သူ ၃ ဦး ဒဏ်ငွေ ၉၀၀၀၀ ဖြင့် အမှုအဆုံးသတ်
by -
မဇ္ဈိမ
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့အကြား တကျော့ပြန်စစ်ပွဲ ဖြစ်ပွားခဲ့သော ၆ နှစ်ပြည့်အခမ်းအနား ပြုလုပ်သည့် ဦးဆောင်သူ ၃ ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆို၍ ဇွန်လ ၁၃ ရက်တွင် တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ၃၀၀၀၀ ကျပ်စီဖြင့် အမှုအဆုံးသတ်လိုက်သည်။

မြို့နယ်ရဲမှူး သန်းဦးက တရားလို ပြုလုပ်ကာ ဇွန်လ ၁၂ရက်က တရားစွဲခဲ့ပြီး ဇွန် ၁၃ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲချိန်ထိ စစ်ဆေးမေးမြန်းခဲ့ပြီး အခမ်းအနားစီစဉ်သူ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)မှ ဥက္ကဌ ဦးခွန်ဆိုင်း၊ အတွင်းရေးမှူး ဂမ်အောင်နှင့် ဦးဇော်ဂျတ်တို့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တစ်ဦးလျှင် ငွေဒဏ် ၃၀၀၀၀ သုံးဦးပေါင်း ၉၀၀၀၀ ဖြင့် အပြီးသတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ကို ပုဒ်မ ၁၉ နဲ့ တရားစွဲပြီးမှ ဒဏ်ငွေ ၃ သောင်းမပေးရင် ထောင်ဒဏ် ၁၅ ရက်ဆိုလို့ ဒဏ်ငွေ ၃ သောင်းစီပေးပြီးမှ အပြီးသတ်လုပ်လိုက်တယ်။ တရားသူကြီး အမိန့်ချတာတော့ ခင်ဗျားတို့ စာတင်တဲ့အချိန်မှာ လမ်းကြောင်းလွဲတယ်။ ခင်ဗျားတို့ အပြစ်ရှိလားလို့ မေးတယ်။ ကျနော်တို့က မြို့နယ် ရဲကို စာမတင်ဘူး။ ထွေအုပ်ကိုတော့ စာသင်ထားပြီးသား”ဟု ဦးဇော်ဂျတ်က ပြောသည်။

ဇွန်လ ၁၂ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မ ရဲစခန်းမှူးတို့က ၎င်းတို့ သုံးဦးကို ခေါ်၍ စစ်ဆေးခဲ့ပြီးနောက် ခွင့်ပြုချက်မဲ့ ပုဒ်မ ၁၉ ဖြင့် တရားစွဲကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် ဇွန်လ ၆ ရက်က အခမ်းအနားကျင်းပရန်အတွက် အကြောင်းကြားစာကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စီတာပူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ခဲ့ပြီး ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ယခုကဲ့သို့ တရားစွဲဆိုခြင်းက တရားမမျှတကြောင်း ဦးဇော်ဂျတ်က ပြောသည်။

“ကျနော်တို့ကတော့ ဆုတောင်း အစီအစဉ်နဲ့ လမ်းလျှောက်ပြီး တက်ရောက်တာကို တရားဥပဒေနဲ့ညှိတယ်ဆိုပြီးမှ တရားစွဲတာက တရားမျှတတယ်လို့ မမြင်ဘူး၊ ကျနော်တို့က စစ်ရှောင်တွေကို ဘုရားဒေသနာတွေ ဝေငှတယ်။ စိတ်အားငယ်မှုတွေကို ဘာသာရေးဆရာတွေကို နှစ်သိမ့်နဲ့မိန့်ခွန်းတွေ ပြောတယ်။ သူတို့ ရင်တွင်းဖြစ်စကားတွေကို ပြောခိုင်းတယ်။ အဲဒီ အစီအစဉ်တွေပါပဲ”ဟု သူက ဆက်ပြောသည်။

ဇွန်လ ၉ ရက်က တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားသော ၆ နှစ်ပြည့် အခမ်းအနား ကျင်းပရန် တက်ရောက်လာသော စစ်ပြေးဒုက္ခသည် ထောင်ချီသည် မိမိတို့ နေထိုင်ရာ ဒုက္ခသည်စခန်းမှ စာတမ်းများ ကိုင်ဆောင်၍ မနောကွင်းသို့ လမ်းလျှောက်၍ တက်ရောက်လာခဲ့သည်။

ထိုနေ့က စစ်ဖြစ်ပွားခဲ့သော ၆ နှစ်ပြည့် အခမ်းအနားကို မြစ်ကြီးနားမြို့တွင် ဆုတောင်းဝတ်ပြုခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ဂျပန်နိုင်နိုင်ငံ တိုကျိုမြို့တွင် ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကာ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ မလေးရှား၊ ဒိန်းမတ်၊ ကနေဒါ စသည့် ပြည်ပနိုင်ငံရောက် ကချင်လူမျိုးများကလည်း ထိုနိုင်ငံများတွင် ကျင်းပခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...