ဘဏ်ဓါးပြတိုက်အပြီး လုံခြုံရေးတင်းကြပ်

ဘဏ်ဓါးပြတိုက်အပြီး လုံခြုံရေးတင်းကြပ်

ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓါးပြများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်တထောင်မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်မှုများ ရှိခဲ့သည်။

ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲကို အောက်တိုဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းက မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦးခန့်က ကျပ်သိန်းပေါင်း ၃၀၀၀ ဝန်းကျင် ဝင်ရောက်ဓါးပြတိုက်ခဲ့သည်ဟု အဆိုပါဘဏ်အနီး နေထိုင်သူများက ပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ်ရှိ Urban Asia အဆောက်အဦတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲသို့ မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦးခန့် ဝင်ရောက်လာပြီး ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ၄၇ လမ်းအတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့လာ ဖီဒါကား အဖြူနဲ့လာတယ်လို့ ပြောနေကြတယ်။ စစ်သားတွေ၊ ရဲတွေကတော့ CCTV တွေ ဘာတွေစစ်ပြီး သိပ်မကြာဘူး အခုတော့ လမ်းပြန်ဖွင့်ပေးလိုက်ပြီ” ဟု ပြောသည်။

ဘဏ်အတွင်း ဝင်ရောက်လုယက်သူများသည် ဘဏ်ဝန်ထမ်းအချို့ကို ထိုးကြိတ်ကာ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများနှင့် ဘဏ်မှ ငွေကျပ်သိန်း ၃၀၀၀ ဝန်းကျင်ကို ယူသွားခဲ့ကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် Urban Asia အဆောက်အဦသို့လည်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အမြောက်အများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် မဟာဗန္ဓုလတံတားပေါ်အထိ လမ်းတစ်ခြမ်းပိတ်ကာ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ ကုန်သွယ်မှုဗဟိုဌာနအရှေ့ ဆင်ဝင်အောက်တွင်လည်း မပေါက်ကွဲသေးသည့် ဗုံးသုံးလုံးတွေ့ရှိသဖြင့် လုံခြုံရေးတင်းကြပ်ထားသည်ဟု အထက်ပုဇွန်တောင်တွင် နေထိုင်သူများက ပြောသည်။

အထက်ပုဇွန်တောင် လမ်းမဘေးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက “အထက်ပုဇွန်တောင်လမ်းနဲ့ ရေကျော်လမ်းဆုံမိးပွိုင့်မှာ ပိတ်ပြီး ကားတွေပြန်လှည့်ခိုင်းနေတယ်။ အင်းအားလဲများတယ်” ဟု ပြောသည်။

အဆိုပါ ကုန်သွယ်မှု ဗဟိုဌာနအနီးတွင် စစ်ကောင်စီတပ်ကားများ မကြာခဏ လာရောက်ရပ်နားလေ့ရှိပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ်များအား လမ်းပိတ်စစ်ဆေးခြင်းမျိုး လုပ်ဆောင်လေ့ရှိသည်ဟု ထိုအဆောက်အဦအနီး နေထိုင်သူများကဆိုသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...