တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှုပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက် ရွာသား ၅ ဦးနှင့် အမျိုးသမီးများပို့ပေးရန် တောင်းဆိုခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် MNDAA တပ်သားမှ ရွာထဲပြန်ရောက်လာပြီး တောင်းခံထားသည့် တပ်သားသစ်နှင့် အမျိုးသမီးကို ရွာလူကြီးမှ လာမပို့သဖြင့် ရွာသူကြီး၏ မိဘ (၂) ဦးကို ရိုက်နှက်ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အဖိတ်နေ့ (အောက်တိုဘာလ ၁၉ ရက်) မနက်ပိုင်းမှာပေါ့၊ ရွာလူကြီးဆီကို တပ်သားသစ်အတွက် ရွာသား ၅ ယောက်နဲ့ အမျိုးသမီးတွေပေးဖို့ လာတောင်းတယ်၊ အဲ့သတင်းကို ရွာသားတွေကြားတော့ ထွက်ပြေးကုန်တာ၊ ညနေရောက်တော့ ပြန်လာတယ်၊ သူတို့တောင်းတဲ့လူ မပေးလို့ ရွာလူကြီးကို ရန်ရှာမလို့ ရွာလူကြီးကမရှိတော့ သူ့ရဲ့ အဖေနဲ့အမေကို ရိုက်သွားတာ” ဟု ထွက်ပြေးလာသည့် ကုန်းကော်ရွာသားများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့မှ စစ်ဆေးမေးမြန်းနေစဥ် ၎င်းတို့ကို ဘာမှမလုပ်ရန် ရွာလူကြီး၏ အမေဖြစ်သူက ဒူးထောက်တောင်းပန်နေသော်လည်း ကန်ထုတ်ပြီး ရိုက်နှက်သွားကြောင်းနှင့် ဝိုင်းအပြင်ဖက်မှကြည့်နေသည့် ရွာစောင့်အမျိုးသားကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ကိုးကန့်စစ်သားတွေက ရွာလူကြီးရဲ့ အဖေနဲ့အမေ၊ ပြီးတော့ ရွာစောင့်အလှည့်ကျတဲ့ လူငယ်ရယ် သူတို့ သုံးယောက်ကို ရိုက်သွားတယ်၊ အစက ရွာလူကြီးဘယ်မှာလည်း ဘာလို့သူတို့ဆီကိုမလာလဲ၊ ပြီးတော့ ဘာလို့ လူမပေးလဲဆိုပြီးတော့ မေးတာ၊ သူတို့ကို အဘွားက (ရွာလူကြီးအမေ) ဒူးထောက်တောင်းပန်တာ မရဘူး။ အဘွားဆို သူတို့ရိုက်လို့ ခြေသလုံးတွေရောင်သွားတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

တပ်သားသစ်နှင့် အမျိုးသမီးများ လာရောက်တောင်းဆိုသည့် MNDAA တပ်သားများကို ရွာမှလူကြီးများနှင့် မိဘများက သွားရောက်တောင်းပန်ပြီး လူအစား ပိုက်ဆံကိုသာပေးမည်ဟု တောင်းဆိုခဲ့သော်လည်း MNDAA မှ လက်မခံခဲ့ကြောင်း သိရသည်။

“သူတို့ထံကို ရွာလူကြီးနဲ့ မိဘတွေက လူအစားပိုက်ဆံပေးပါရစေလို့ သွားပြီးတောင်းပန်တာ၊ မရဘူးတဲ့၊ လူပဲ ပို့ပေးရမယ်တဲ့၊ အခုတော့ ရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး၊ ကုန်းကော်ရွာမှာက အသက်ကြီးတဲ့သူ တချို့လောက်ပဲ ကျန်တယ်၊ တချို့ဆို တအိမ်လုံးထွက်ပြေးကြတာ” ဟု တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကုန်းကော်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့တို့သည် နောင်လျန်ကျေးရွာအုပ်စုအပြင် နမ့်ဆယ်ကျေးရွာအုပ်စုကိုလည်း တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသည့်အတွက် အဆိုပါကျေးရွာများမှ ရွာသားများသည် တန့်ယန်းမြို့ပေါရှိ အမျိုးအိမ်များနှင့် တချို့သော ဘုန်းကြီးကျောင်းရှိ ဇရပ်များတွင် ခိုလှုံနေထိုင်နေရကြောင်း သတင်းသိရသည်။

လက်ရှိ MNDAA တို့ သွားလာလှုပ်ရှားနေသည့် နောင်လျန်ကျေးရွာအုပ်စုနေရာများသည် ၎င်းတို့၏ ညီနောင်မဟာမိတ်ဖြစ်သည့် TNLA တပ်ဖွဲ့၊ AA တပ်ဖွဲ့တို့လည်း လှုပ်ရှားနေသည့်အပြင် စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်များလည်းရှိနေကြောင်း သိရှိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...