သတင်းသမား ၁၇ ဦးသာ ပြန်လွတ်သေး

သတင်းသမား ၁၇ ဦးသာ ပြန်လွတ်သေး

စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းမီဒီယာသမားအနက် နှစ်ရက်အတွင်း ၁၇ ဦးသာ ပြန်လွတ်လာသည်ဟု Myanmar Press Freedom In-Depth (MPFI-D) က အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် သတင်းသမားစုစုပေါင်း ၁၀၁ ဦး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ၁၇ ဦး ပြန်လွတ်လာခဲ့သည်။

မြစ်ကြီးနားသတင်းဂျာနယ်က အယ်ဒီတာချုပ် မဆိုင်းမိုင်က “ပထမနေ့ကလည်း မပါလာတော့ စိတ်ပူနေတာ။ ဒုတိယနေ့လည်း ပါပါ့မလားပေါ့နော်၊ နောက်မှ ဖုန်းဆက်လာတာ သူတို့သုံးယောက်လုံး လွတ်တယ်ပေါ့နော်။ ကျနော်တို့ဆို သူတို့ဖမ်းခံရလိုက်ရတော့ သတင်းလုပ်နေတာတွေကို အကုန်ရပ်ထားလိုက်ရတာ။ တကယ်ဆို ဘာပြစ်မှုမှမလုပ်ပဲ ဖမ်းခံရတာလေနော်။ တရားခံလည်းမဟုတ်ဘူးလေနော်။ ကျေးဇူးတင်စရာလည်း ဘာအကြောင်းမှမရှိဘူး။ ဒါပေမယ့် အခုလိုလွတ်လာတော့ ဒီထောင်ထဲမှာ ခက်ခက်ခဲခဲနေနေရတယ်၊ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလေနော်။ ဆိုတော့ လွတ်လာတာတော့ ဝမ်းသာတယ်။ ကျေးဇူးတော့မတင်ဘူး” ဟု ပြောသည်။

စစ်ကောင်စီက အောက်တိုဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့ နှစ်ရက်ဆက်တိုက် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများထဲမှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများ၊ ပြစ်ဒဏ်ချမှတ်ခံထားရသူများကို ပြန်လွတ်ပေးရာတွင် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၃ ဦးအပါအဝင် နိုင်ငံတဝှမ်းက သတင်းသမားစုစုပေါင်း ၁၇ ဦး ပြန်လွတ်လာခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သီတင်းကျွတ်ကာလအတွင်း လွတ်ပေးမည့်သူများထဲတွင် သတင်းသမား အယောက် ၅၀ ပါသည်ဟု ထုတ်ပြန်ထားသော်လည်း နှစ်ရက်အတွင်း ပြန်လွတ်လာသူ ၁၇ ဦးသာ ရှိသေးသည်။

ရှမ်းမြောက်တွင် အခြေစိုက် သတင်းသမားတစ်ဦးကလည်း “၅၀၅ သမားတွေကို ပြန်လွတ်ပေးတာလို့တော့ပြောတယ်။ ဒါပေမယ့် ၅၀၅-က သမားတွေ ကျန်တာလည်းရှိသေးတယ်ဗျ။ တခြားအမှုတွေလည်း ကျန်သေးတယ်။ ရှမ်းပြည်နယ်ထဲမှာတော့ ပြန်လွတ်လာတာက ဓါတ်ပုံသတင်းထောက်တစ်ယောက်ပဲပါတယ်။ ကျန်တာတွေက ပြန်မလွတ်သေးဘူးဗျ” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ ဝန်ထမ်း စိုင်းစည်သူ၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေ သတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

MPFI-D ၏ ပြုစုထားသည့်စာရင်းများအရ စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၁၀၁ ဦး ရှိခဲ့သည့်အနက် ယခုရက်ပိုင်းတွင် ၁၇ ဦး ထပ်မံလွတ်လာခဲ့သည့်အတွက် ယခင်လများက ပြန်လွတ်လာသူများနှင့်ပေါင်းလျှင် ယခုခါ သတင်းသမား စုစုပေါင်း ၆၆ ဦး ရှိပြီဖြစ်သည်ဟု သိရသည်။

ထောင်ထဲတွင် ဆက်လက်ဖမ်းဆီးခံထားရသူ သတင်းမီဒီယာသမား ၃၅ ဦး ကျန်နေသေးသည်ဟု Myanmar Press Freedom In-Depth (MPFI-D) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးခဲ့သည့်အပြင် သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့်များ ဖျက်သိမ်းခဲ့သည်။

ထို့ကြောင့် သတင်းသမားအများစုနှင့် သတင်းဌာနများသည် လွတ်မြောက်နယ်မြေများ၊ နယ်စပ်ဒေသများနှင့် အချို့သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးပြောင်းရွှေ့ပြီး သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေကြရသည်။

နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁၃၁၆ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း လွတ်မြောက်လာသူဦးရေ အတိအကျနှင့်ပတ်သက်၍ စာရင်းအတိအကျ အတည်ပြုနိုင်ရေး ခက်ခဲနေသည်။

ယခုပြန်လွတ်လာသူများထဲတွင် ပြန်လည်ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာအသီးသီး၏ သတင်းများအရ သိရသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...