မိုင်းကိုင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ

မိုင်းကိုင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်စခန်းထဲရှိ ကားတစ်စီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၇) ရက် မနက် (၈) နာရီမှ (၁၀) နာရီကျော်ထိ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“စစ်ရှောင်တွေ နေတဲ့ နေရာနဲ့တော့ နီးတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတော့ မရှိဘူး။ ကျည်စတစ်ချို့ ကျောင်းဝန်းထဲရပ်ထားတဲ့ ကားထိသွားတယ်။ ဒီနေ့တော့ လက်နက်သံတွေ မကြားရသေးဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဟမ်းငိုင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင် (၇၀) ခန့် ထပ်မံထွက်ပြေးလာရကြောင်း၊ ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် (၄၀၀) ကျော်နှင့် ကောင်းမူးခမ်းတွင် (၅၀၀) ကျော် ရှိထားပြီး ဟမ်းငိုင်းကျေးရွာအုပ်စုမှ စစ်ရှောင် (၁၀၀၀) ကျော် ရှိထားကြောင်း သိရှိရသည်။

“ဟမ်းငိုင်းမှာ ရောက်နေတဲ့ စစ်ရှောင်တွေက (၁) လကျော်လောက် ရှိပြီ။ ပြီးခဲ့တဲ့ (၄) ရက် (၅) ရက်က ရိက္ခာတွေ အခက်ခဲဖြစ်ခဲ့တယ်” ဟု ဟမ်းငိုင်း စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာ (၁၇) ရက်မှာ ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာနေ အမျိုးသားတစ်ဦး ဟမ်းငိုင်းဈေးအပြန် ကားမောင်းပြန်လာစဥ် ကျည်စထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်အဖွဲ့ပစ်လဲတော့ ကျနော်လဲ မသိဘူး။ ထိတော့ ကားပေါ်ကနေ ပြေးဆင်းလိုက်တာ။ ကားထဲ (၇) ယောက်ပါတာ ကျနော်ပဲ ထိတယ်” ဟု ကျည်စထိမှန်သူက ပြောသည်။

အဆိုပါ ကျည်စထိမှန်သူသည် အသက် (၄၈) နှစ်ရှိ ဦးအိုက်ထွေး ဖြစ်ပြီး လက်ရှိမှာ မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း ဟမ်းငိုင်းကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၁၀၀၀) ကျော်နှင့် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၂၀၀၀) ကျော်တို့သည် လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံများ တစ်လကျော်ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...