တိုက်ပြိုရာမှ အမျိုးသားသုံးဦး အလောင်းရှာဖွေတွေ့ရှိ

တိုက်ပြိုရာမှ အမျိုးသားသုံးဦး အလောင်းရှာဖွေတွေ့ရှိ

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဆောက်လက်စတိုက်တစ်လုံး အောက်တိုဘာ ၁၅ ရက်က ပြိုကျခဲ့ပြီးနောက် သေဆုံးနေသည့် အမျိုးသားအလောင်း ၃ လောင်းကို ရှာတွေ့ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ထားသည်။

ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်ရှိ ပြိုကျခဲ့သော ဆောက်လက်စတိုက်ကို ရှာဖွေရာ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးနေသည့် အမျိုးသား ၃ ဦးအလောင်းကို တွေ့ရှိထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ပြိုကျပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ပိတ်မိနေသည့် အမျိုးသားသုံးဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး အတွင်းဖက်တွင် ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ဆက်လက်လုပ်ဆောင်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

“အထဲမှာ ပိတ်မိနေတာ ၁၂ ယောက်လောက်ရှိတယ်ပြောတယ်။ ကလေးတစ်ယောက်တောင်ပါတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် မမြင်ရသေးတော့ သေချာတော့ပြောလို့ မရသေးဘူး” ဟု အဆိုပါနေရာသို့ သွားရောက်ကူညီပေးခဲ့သည့် သုခကာရီပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အဦးမှာ ၃ ထပ်တိုက် တည်ဆောက်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီဝန်းကျင်အထိ ထိခိုက်ဒဏ်ရာရသူ သေဆုံးသူများကို ထပ်မံမတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေလျက်နေကြသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တောင်ကြီးမြို့တွင် ပြန်လည်ပြုပြင်လက်စ တစ်ထပ်တိုက် ပြိုကျခဲ့သဖြင့် လူတစ်ဦးသေဆုံးသွားခဲ့သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...