တောင်ကြီးမြို့ပေါ် သစ်ပင်ကြီးများ ခုတ်လှဲမှုအပေါ် ဒေသခံများ စိုးရိမ်နေ

တောင်ကြီးမြို့ပေါ် သစ်ပင်ကြီးများ ခုတ်လှဲမှုအပေါ် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် နှစ်ရှည်ပင်ကြီးများကို အဖွဲ့အစည်းတစ်ခုမှ ခုတ်လှဲမှုအပေါ်တွင် ဒေသခံများက စိုးရိမ်မှုရှိနေကြောင်းသတင်းသိရသည်။

တောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အတွက် မြေအောက်ရေကိုသာ အဓိကအားထားနေရပြီး ယခုလို နှစ်ရှည်သစ်ပင်ကြီးများကို ခုတ်လှဲ ထုတ်ယူမှုများရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင်များထိခိုက်ပြီး ရေရှားပါးမည့်အန္တရာယ်နှင့် ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျမတို့ တောင်ကြီးမြို့က သစ်ပင်မရှိလို့ လုံးဝ မဖြစ်နိုင်ဘူး၊ သစ်ပင်တွေ မရှိတော့ရင် ရေရှားပါးလာမယ်၊ အဓိက ကတော့ ဒီတောင်ကြီးမြို့ရဲ့ အရှေ့ဘက် တောင်တန်းကြီးကနေ မြေအောက်ရေတွေရှိနေတယ်လေ၊ အဲ့လို မြို့အတွက် ရေဝေပေးနေတဲ့ နေရာလိုဖြစ်နေတဲ့ တောင်တန်းကြီးကနေ သစ်ပင်တွေ ခုတ်ယူနေတာ မြင်တော့ စိတ်မကောင်းဘူး၊ မြို့ခံအနေနဲ့လည်း မြို့က ရေသုံးစွဲနိုင်ဖို့အတွက် စိုးရိမ်လာရတယ်” ဟု တောင်ကြီးမြို့မှ မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သစ်ပင်ကြီးများအား ယခုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ခုတ်လှဲခံနေရသည့် အခြေအနေများ ရှိနေသည့်အပြင် ခိုးယူခုတ်ထွင်မှုများလည်း ရှိနေသောကြောင့် ဒေသခံများနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများကလည်း ဝေဖန်မှုများရှိနေသည်။

ယင်းကဲ့သို့ သစ်ပင်ကြီးများ ခုတ်ထွင်ခံရမှုအပေါ် ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်ကလည်း သစ်ပင်များလှဲကျလို့ ရှင်းလင်းလုပ်တာမျိုးထက် ယခုလို ပင်စည်ပိုင်းမှစပြီး ခုတ်လှဲထုတ်ယူမှုများ ရှိနေသည့်အတွက် ၎င်းအနေဖြင့် များစွာ စိတ်မကောင်းရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သစ်ပင်တစ်ပင်ဖြစ်လာဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး၊ ဒါပေမဲ့ အခုလက်ရှိ တောင်ကြီးမြို့မှာဆိုရင် ချယ်ရီပင်တွေတောင် အခုတ်ခံနေရတယ်၊ လမ်းမလွတ်လို့၊ ခြံမလွတ်လို့ ခုတ်နေတယ်ဆိုရင်လည်း အကိုင်း အခက်လေးတွေကို ခုတ်လို့ရတယ်လေ၊ အခုတော့ တစ်ပင်လုံးကို လှဲချနေတာမြင်နေရတယ်၊ သစ်ပင်တွေ နည်းလာတာနဲ့ အမျှ ရာသီဥတုဖောက်ပြန်လာတာကိုလည်း လူတိုင်း သိနေတာပဲ။ ရေရှားပါးမှု ပြဿနာကိုလည်း ကြုံတွေ့လာရနိုင်တယ်ပေါ့၊ လူတိုင်းသစ်ပင်တန်ဖိုးကို သိစေချင်တယ်” ဟု ဒေါ်ချယ်ရီကျော်က ပြောသည်။

တောင်ကြီးမြို့နှင့် အနီးဝန်းကျင်တွင် သစ်တောများမှာ မရှိသလောက် နည်းပါးသွားပြီဖြစ်သည့်အတွက် တောင်ပေါ်မြို့ဖြစ်သော်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကို ကြုံတွေ့နေရကာ ရေရှားပါးမှုလည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...