နေရပ်မပြန်နိုင်သည့် ကျောက်မဲစစ်ရှောင်များ လဲချားမှာ အခြေချရန်ပြင်ဆင်

နေရပ်မပြန်နိုင်သည့် ကျောက်မဲစစ်ရှောင်များ လဲချားမှာ အခြေချရန်ပြင်ဆင်

မိုင်းကိုင်မြို့နယ်ထိ စစ်ရှောင်ထွက်ပြေးခဲ့သည့် ကျောက်မဲစစ်ရှောင်များ သျှမ်းတောင် လဲချားမြို့နယ်တွင် အခြေချနေထိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လက ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ကျောက်မဲ၊ မိုင်းငေါ့မြို့တို့အပြင် အခြားမြို့နယ် ဆွေမျိုးများရှိရာသို့ စစ်ရှောင်ခိုလှုံနေရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

“သူတို့က ကျောက်မဲဘက်ကနေ စစ်ရှောင်ခဲ့တာ၊ (၇) လပိုင်းကတည်းက မိုင်းကိုင်ဘက်ကို ရောက်နေတာလို့ပြောတယ်၊ ခုက လဲချားမြို့နယ် ဝမ်ဟိုင်ကျေးရွာအုပ်စုထဲမှာ အခြေချနေထိုင်နိုင်ဖို့ ပြင်ဆင်ပေးနေတာ” ဟု အဆိုပါ စစ်ရှောင်များကိုကူညီနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များ အခြေချနေထိုင်ရန် သျှမ်းဧကရီကုမ္ပဏီမှ မြေနေရာလှူဒါန်းပေးထားတာဖြစ်ပြီး လဲချားမြို့ သံဃာ့နာယက ဟွေရင်ကျောင်းဆရာတော်၊ ဗဟိုသံဃာ့ဝန်ဆောင် ဟော်ခမ်းကျောင်း ဆရာတော်နှင့် ဝမ်ဟိုင်ကျေးရွာမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ ယာယီတဲများ ဆောက်လုပ်ပေးနေကြောင်း သိရသည်။

“ခုက သူတို့ ယာယီနေထိုင်ဖို့ တဲလုပ်ပေးနေတာ၊ လူဦးရေက (၇၀) ကျော်ရှိတယ်၊ နောက်ထပ်လည်း တိုးလာနိုင်သေးတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

အဆိုပါစစ်ရှောင်များ ယာယီနေထိုင်နိုင်ရန်အတွက် တဲများဆောက်လုပ်ရာတွင် သွပ်၊ ဝါး၊ အိုးခွက်ပန်းကန်၊ အိမ်သာတွေအပြင် သောက်သုံးရေအတွက် အဝီစိတွင်းတူးရန်နှင့် ရေပိုက်များလည်း လိုအပ်နေတာဖြစ်ကြောင်း ၄င်းက ပြောသည်။

သျှမ်းပြည် ကျောက်မဲနှင့် မိုင်းကိုင်မြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ရှောင် ထောင်ချီရှိနေပြီး အများစုမှာ ကလေးနှင့် အမျိုးသမီးများသာဖြစ်ကြောင်း သိရှိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...