မြစ်ကြီးနားတွင် ၁၄ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

မြစ်ကြီးနားတွင် ၁၄ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

အောက်တိုဘာလ ၁၂ ရက်နေ့ က ၃၇ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ဖြင့် မြစ်ကြီနားမြို့၏ ၁၄ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့သည်ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် ၁၄ နှစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ၃၇ ဒဿမ ၀ ဒီဂရီစင်တီ ဂရိတ်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ၃၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည့်အတွက် ၁၄ နှစ်အတွင်း စံချိန်သစ်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စက်ရုံများနှင့် ရုပ်ကြွင်း လောင်စာသုံး ယာဉ်များ၏ ကာဗွန်ထုတ်လွတ်မှုများကြောင့် ကမ္ဘာကြီးပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ယခုကဲ့သို့ အပူချိန်မြင့်တင်လာခြင်းမှာ Climate Change (ခေါ်) ဥတုရာသီဖောက်ပြန် ပြောင်းလဲ ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ထောက်ပြထားကြသည်။

 

ယခုကဲ့သို့ အပူချိန်မြင့်တက်မှုကြောင့် အပူပြန်တက်ပြီး ပြန်ကျမိုးများ ရွာရန်ရှိပြီး မိုးရွာလျှင်လည်း လျှပ်စီးမိုးကြိုးအန္တရာယ်များကို သတိပြုရန်လိုအပ်သကဲ့သို့ ပူအိုက်ပြီး လေငြိမ်နေသည့်အတွက် အသက်အရွယ်ကြီးသူများကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးအကြံပြုထားသည်။

"မိုးကမရွာလို့ ဒုက္ခရောက်နေပြီ။ စပါးတွေက မှည့်ကာနီး အောင်ရေမရလို့ အရမ်းခြောက်နေပြီ" ဟု ဝိုင်းမော်မြို့က အသက် ၅၀ ခန့်အရွယ် လယ်သမားတစ်ဦးက ပြောသည်။

ထူးခြားမှု တစ်ခုမှာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်တွင်လည်း လေဖိအားနည်းရပ်ဝန်းရှိသကဲ့သို့ တရုတ်နိုင်ငံဘက်နှင့် တောင်တရုတ်ပင်လယ်ဘက်တွင်လည်း လေ ဖိအားနည်းရပ်ဝန်းများရှိပြီး ပတ်ပတ်လည်တွင် လေဖိအားနည်း ရပ်ဝန်းများဖြစ်နေသည်ဟု ကချင်ပြည်နယ်မိုး/ဇလက ဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။

"ရာသီဥတု ပြောင်းလဲလာတဲ့ အနေအထားနဲ့ စံချိန်ကျိုးတာပေါ့ အပူချိန်မြင့်လာတဲ့ အချိန်နဲ့ မိုးပြတ်သွားတဲ့အချိန် ထူးခြားတာက အခုက လေဖိအားနည်းရပ်ဝန်းထဲမှာ ပတ်ပတ်လည်ဖြစ်နေတာ” ၎င်းက ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်လည်း ယခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က အမြင့်ဆုံးအပူချိန် ၃၇ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့၏ ၃၆ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ကို ကျော်ကာ ၁၂ နှစ်အတွင်း အပူချိန်စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...