သိန္နီမြို့လယ်ခေါင် ဖုန်းဆိုင်တဆိုင်ကို ဓားပြအုပ်စုမှ ပြန်ပေးဆွဲရန်ကြိုးစား

သိန္နီမြို့လယ်ခေါင် ဖုန်းဆိုင်တဆိုင်ကို ဓားပြအုပ်စုမှ ပြန်ပေးဆွဲရန်ကြိုးစား

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့လယ်ခေါင်တွင် ယနေ့ နေ့လည်ပိုင်း၌ ဖုန်းဆိုင်တစ်ဆိုင်၏ ဆိုင်ရှင်ကိုဓားပြအုပ်စုက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာ ၁၄) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်ခန့်တွင် ရွံ့များပေကြံနေသည့် Vigo အမျိုးအစားနှင့် 4 wheel ကား အနက်ရောင်တစ်စီးဖြင့် လူတစ်စုသည် သိန္နီမြို့လယ်ခေါင်ရှိ ဆိုနီဖုန်းဆိုင်သို့ ရောက်လာပြီး ဆိုင်ရှင်အမျိုးသားကို ပြန်ပေးဆွဲရန်ကြိုးစားခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ကားက ဆိုနီဆိုင်ရှေ့မှာရဲ့ ဟိုဖက်တစ်လမ်းမှာ မနက်ကတည်းက ရပ်ထားတာ၊ နေ့ခင်းပိုင်းရောက်တော့ လူ ၄ ယောက်က ကားပေါ်ကဆင်းလာပြီး ဆိုင်ထဲကိုဝင်သွားတယ်၊ အစက ပိုက်ဆံတောင်းတယ်၊ ဆိုင်ရှင်ကမပေးချင်တော့ ဟေ့ကောင် မင်းလိုက်ခဲ့ဆိုပြီးတော့ ဆိုင်ရှင်အမျိုးသားကို ဆွဲခေါ်ဖို့လုပ်နေတာ ဆိုင်ထဲမှာရှိနေတဲ့သူတွေကို ဓါးထုတ်ပြပြီး ခြိမ်းခြောက်နေတာလည်းတွေ့ရတယ်” ဟု အဆိုပါဆိုင်နှင့်နီးသည့် အိမ်မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လာရောက်ရမ်းကားသည့် လူများသည် လူလတ်ပိုင်းအရွယ် အမျိုးသားလေးယောက်ဖြစ်ကြပြီး ၎င်းတို့လာသည့်အချိန်တွင် ဆိုနီဆိုင်ထဲ၌ ဆိုင်ရှင်အမျိုးသားနှင့် ၎င်း၏အမျိုးသမီး၊ ဆိုင်ဝန်ထမ်းဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးရှိနေကြောင်းလည်း သိရသည်။

“သူတို့က ဆိုင်ရှင်ကို ဆွဲနေချိန် ကျမတို့လည်းပြန်ဆွဲတယ်၊ ကျမတို့လူ အပါမခံနိုင်ဘူးပေါ့နော်၊ အဲ့မှာ ကျမလက်တောင် မှန်ဘောင်နဲ့ ခိုက်မိသွားသေးတယ်၊ သူတို့က ဓါးထုတ်ပြပြီး ခြိမ်းခြောက်တာ၊ နောက်တော့ အသံတွေကြားလို့ ဘေးနားဆိုင်ကလူတွေလည်း လာဝိုင်းမှ သူတို့လွတ်ပြီး ကားဆီပြန်ပြေးသွားတာ၊ ဘာပစ္စည်းမှတော့ မပါသွားဘူး” ဟု ဆိုနီဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

သိန္နီမြို့ပေါ်သည် ယခင်ကာလများတွင် ငြိမ်းချမ်စွာရှိခဲ့ဖူးသော်လည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွင် ဖုန်းဆိုင်မှာ ဝန်ထမ်းလုပ်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်နေသော်လည်း လုံခြုံမှုမရှိနိုင်ကြောင်းလည်း အဆိုပါ ဆိုင်ဝန်ထမ်းအမျိုးသမီးက ပြောသည်။

“တော်တော်ကို ကြောက်သွားရပါတယ်၊ လန့်သွားတာပေါ့နော်၊ ခုလို ရိုးရိုးသားသားနဲ့ ဖုန်းဆိုင်မှာ ဆိုင်ဝန်ထမ်းလုပ်နေတာတောင် ဘဝကြီးက မလုံခြုံဘူး၊ ပြောရရင်တော့ ဥပေဒေစိုးမိုးမှု မရှိတာပေါ့နော်” ဟု ၎င်းကပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်မှ မြို့ရွာများအပါအဝင် မြန်မာနိုင်ငံနှင့်တဝှမ်းလုံး၌ ခိုးဆိုးလုယက်မှုများ ပေါများလာပြီး သူခိုးဓါးပြများက သောင်းကျန်းလွန်းအားကြီးနေသည့်အတွက် ပြည်သူများအနေဖြင့် သွားလာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...