ဓနုဖြူ လျှပ်စစ်မီတာရုံးရှေ့ ဗုံးပေါက်ကွဲ

ဓနုဖြူ လျှပ်စစ်မီတာရုံးရှေ့ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ လျှပ်စစ်မီတာရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဓနုဖြူမြို့ ၁၂ ရပ်ကွက် မြို့နယ်မီတာရုံးရှေ့ မြက်ခင်းပြင်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီခွဲအချိန်ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံအချို့က စိုးရိမ်နေကြသည်။

အသက် ၆၀ ကျော်ရှိ ဒေသခံ ဦးတင်ရီက "ဗုံးအမှန်တကယ် ဖောက်သူကိုမမိဘဲ ကြွက်မနိုင် ကျီမီးရှို့ဆိုသလို တွေ့ရာလူကို PDF တံဆိပ်ကပ်ပြီး ဖမ်းနေကြတော့ အားလုံးကျီးလန့်စား ဖြစ်ရတယ်" ဟု ပြောသည်။

ဓနုဖြူမြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများက မီလာလာဖတ်ခြင်းမရှိဘဲ မီတာသုံးစွဲမှုအတွက် ငွေတောင်းခံ သည့် မီတာဘောင်ချာ ငွေတောင်းခံလွှာတွင် အဆမတန်ရေး၍ မီလာလာဆောင်ရန် ဆင့်စာများ လစဉ်ပို့နေခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓနုဖြူမြို့က လျှပ်စစ်မီတာရုံးရှေ့ မြက်ခင်းပြင်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ အဆောက်အအုံနှင့် ရုံးပရိဘောဂ စက်ပစ္စည်း ပျက်စီးခြင်းမရှိဘူးဟု လျှပ်စစ်ရုံး ဝန်ထမ်းအချို့က ပြောသည်။

အများပြည်သူများ အသွားအလာများသည့် မီတာရုံး၊ စာသင်ကျောင်း၊ ဈေး၊ အမှိုက်ပုံကဲ့သို့သော နေရာများကို ဗုံးထောင်လျှင် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုရှိလာမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းက ကျိုက်လတ်မြို့နယ် မီတာရုံးရှေ့တွင်လည်း အောက်တိုဘာလ ၁၀ ရက်နေ့က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဇွန်လအတွင်းက ပုသိမ်မြို့ မီတာရုံး ကွန်ပျူတာခန်းအတွင်း ဗုံးပေါက်ကွဲမှုတွင် ကွန်ပျူတာအချို့ ပျက်စီးကာ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...