ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တို့မှ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃) ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့ရှိ NLD ၏ မြို့နယ်ပြန်ကြားရေးတာဝန်ခံ ဦးနိုင်လင်းထွန်း၏ နေအိမ်ကို စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီတပ်သားများပါဝင်သည့် လူတစ်စုက လာရောက်ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။

“ဦးနိုင်လင်းထွန်းတို့က အိမ်မှာမနေတာ ကြာပါပြီ၊ အရင်တစ်ခေါက်တုန်းကလည်း သော့တွေဖျက်ပြီး တစ်ခေါက်လာစစ်သေးတယ်၊ အိမ်မှာရှိနေတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူသွားတာ၊ ခုတစ်ခေါက်ကျတော့ လာတာက အင်အားပိုများတယ်၊ တံခါးပေါက်တွေကလည်း ဖျက်ဆီးသွားသေးတယ်” ဟု ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးနိုင်လင်းထွန်းတို့မိသားစုသည် တော်လှန်ရေးစတင်ပြီး စစ်ကောင်စီမှ ပြည်သူများကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေကတည်းက တိမ်းရှောင်နေကြပြီး ယခုချိန်ထိ အိမ်သို့ ပြန်မလာသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် အဖွဲ့သားတို့က ၎င်း၏အိမ်ကို နှစ်ကြိမ် လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ကောင်စီတပ်သားနဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင်တွေပါတယ်၊ လာတဲ့စစ်သားတွေကလည်း သေနတ်ကြီးနဲ့ ချိန်ထားပြီး ကြိမ်းမောင်းနေကြလို့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ ထွက်ကြည့်ရင် ပစ်မယ်ဆိုလို့လေ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတို့သည် နိုင်ငံတော်အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် NLD မှ တာဝန်ရှိသူများနှင့် ပါတီဝင်များအပါအဝင် အပစ်မဲ့ပြည်သူများစွာကို မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့်အပြင် လက်ရှိ နေအိမ်ဖျက်ဆီးခံလိုက်ရသည့် ဦးနိုင်လင်းထွန်းကိုလည်း အမှုများစွာဖြင့် စစ်ကောင်စီတို့က တရားစွဲဆိုထားကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...