စစ်ဘေးရှောင်နှင့် PDF အလှူငွေကောက်ခံနေသည့် လူငယ်များ ဖမ်းဆီးခံရ

စစ်ဘေးရှောင်နှင့် PDF အလှူငွေကောက်ခံနေသည့် လူငယ်များ ဖမ်းဆီးခံရ

စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအတွက် KPay နှင့် အလှူကောက်ခံမှုများ ပြုလုပ်နေသည့် လူငယ်များတချို့ Kpay အကောင့်ပိတ်ခံရပြီး ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ ခွဲဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း (မြေဖြူ) ရပ်ကွက်၊ Cherry Queen Hotel ရှေ့တွင် နေထိုင်သည့် မောင်မင်းခန့်အောင်၏ နေအိမ်ကို အိမ်စီးကား ၆ စီးနှင့် အရပ်ဝတ်ရဲ၊ စစ်ကောင်စီတပ်သားအင်အားအများအပြားတို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ဒလန်က သတင်းပေးတာလား၊ ဒါမှမဟုတ် KBZ ကနေ ကိုယ်ရေးအချက်အလက်တွေကို နောက်ယောင်ခံ လိုက် တာလားတော့မပြောတတ်ဘူး၊ သူ့ကိုအိမ်မှာလာဖမ်းတဲ့ညက စစ်သားနဲ့ ရဲလည်းတော်တော်များတယ်၊ သူ့ကိုယ်ပိုင်ငွေကိုလည်း ယူသွားတယ်၊ အိမ်ပေါ်မှာတင် အရိုက်ခံထားရတယ်လို့လည်း ကျနော်ကြားရတယ်” ဟု မောင်မင်းခန့်အောင်နှင့်လနီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူ မောင်မင်းခန့်အောင်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခြင်းများ ပြုလုပ်နေပြီး အဖမ်းမခံရခင် ရက်ပိုင်းအလိုတွင် အလှူငွေ ကောက်ခံသည့် Kpay အကောင့်ပိတ်ခံရပြီး စစ်ကောင်စီတို့မှ ခြေရာခံလိုက်နိုင်ခဲ့ကြောင်းလည်း သတင်းသိရသည်။

“ပြောရရင် Kpay ကနေ အလှူငွေကောက်တာလောက်တော့ ပြသနာမရှိပါဘူး၊ အားလုံးက ယုံအောင် ပုံနဲ့ တင်ရတော့ စစ်ဘေးရှောင်ကိုလှူတယ်ဆိုရင်လည်း စစ်ဘေးရှောင်ပုံ၊ PDF ကိုလှူတယ်ဆိုလည်း PDF ပုံပါမှ သူများက စိတ်ဝင်စားတာကိုး၊ အဲ့ဒါတာတွေက ကျနော်တို့ အတွက်ကတော့ မကောင်းဘူး” ဟု မောင်မင်းခန့်အောင်နည်းတူ အလှူငွေကောက်ခံ ကူညီနေသည့် လူငယ်တစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

ထို့နည်းတူ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း ဌာနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံ ကူညီနေပေးနေသည်ဟု စွပ်စွဲချက်များဖြင့် တောင်ကြီးဆေးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးလည်း ၎င်း၏နေအိမ်တွင် စစ်ကောင်စီတို့၏ အင်အားသုံး အကြမ်းဖက်ဖမ်းဆီးမှုကို ခံခဲ့ရသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငယ်တော်တော်များများကို စစ်အာဏာရှင်ဖြုတ်ချရေးတွင် ပါဝင်နေသူများဟု စွပ်စွဲပြီး ဖမ်းဆီးနေသည့်အပြင် တချို့သောလူငယ်များကိုလည်း နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့်အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်သည့် ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုပြီး ဖမ်းဆီးနေမှုများလည်း ရှိနေသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...