ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ

ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီမှ လူငယ်များကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများရှိကြောင်း သိရသည်။

“မနေ့ကညကတော့ သေနတ်သံ (၈) ချက်လောက်ကြားရတယ်။ စစ်ကောင်စီတွေက ညဆို ခုတလော ပိုပြီးစစ်ဆေး နေတယ်။ Mytel ဖုန်းတာဝါတိုင်း ဖောက်ခွဲခံရပြီးနောက် ပိုပြီး စစ်ဆေးလာတယ်။ လူငယ်တွေကို လည်း ပိုဖမ်းလာတယ်” ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် လူငယ်များကို တိတ်တဆိတ် လိုက်လံဖမ်းဆီးရာတွင် လူငယ် (၂၀) ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

ထိုဖမ်းဆီးခံထားရသည့် သူများသည် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ဖမ်းဆီးခံရကြောင်း၊ မြို့တွင်း PDF တပ်ဖွဲ့များ ရောက်လာမှာကို စိုးရိမ်သောကြောင့် စစ်ကောင်စီတပ်များက စိုးရိမ်နေကြရကြောင်း သိရသည်။

“သူတို့ အရပ်ဝတ်တွေနဲ့ ခိုးခိုးပြီးဖမ်းသွားတာ။ ကျနော်တို့ သိရသလောက်တော့ ၂၀ ကျော် ရှိနေပြီထင်တယ်။ သူတို့တွေက မြို့ထဲမှာ PDF တွေ ရောက်လာမှာကို စိုးရိမ်နေကြတာ။ အဲကြောင့် ညညဆို သူတို့ အရမ်းကို လိုက်စစ်နေတယ်” ဟု ကျောက်မဲမြို့ အထက်ပါလူက ပြောသည်။

‌ကျောက်မဲမြို့တွင် စစ်ကောင်စီ တပ်သားများ၏ လုပ်ရက်မှုကြောင့် ပြည်သူများက စားဝတ်နေရေးအတွက် ပါ စိတ်ပူနေကြရကြောင်း၊ ည တခုခု ကြောင့် အရေးပေါ်သွားစရာရှိလာပါက စိုးရိမ်နေကြရကြောင်း သိရသည်။

“အရင်ကတော့ အဲလောက်ထိ မစစ်ပါဘူး။ သွားလာတာရှိတယ်။ အခု ပိုစစ်လာတယ်ဆိုတော့ ည အရေပေါ် သွားစရာရှိလာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာစိတ်ပူတယ်။ အခုက ကိုဗစ် ကပ်ရောဂါအချိန်လည်းဖြစ်တယ်။ စားဝတ်နေရေးအတွက်လည်း ရှာစားရတာ ခက်ခဲလာတယ်။ အခုက အကုန်လုံးကို စိုးရိမ်ပြီးကြောက်နေရတာ” ဟု ကျောက်မဲမြို့ အသက် ၄၀ ကျော် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျောက်မဲမြို့တွင် စက်တင်ဘာ (၂၀) ရက်နေ့က လွယ်ခွန်တောင် နှင့် ကျွဲကုန်ကျေးရွာရှိ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် (၂) ခုလုံးက ဖောက်ခွဲခံရကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...