လှိုင်မြိုနယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမာခံတစ်ဦး ပစ်သတ်ခံရ

လှိုင်မြိုနယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမာခံတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်လှိုင်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။

လှိုင်မြို့နယ် ၃ ရပ်ကွက်တွင်နေထိုင်သော ဦးဇေလတ်သည် အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက အတည်ပြုပြောသည်။

လှိုင်မြို့နယ်၊ ၃ ရပ်ကွက်၊ ၁၁ လမ်းအတွင်း နေထိုင်သူတစ်ဦးက “ဆန်ထွက်ဝယ်ရင်း ဈေးရှေ့မှာ သေနတ်နဲ့ ၅ ချက်လောက် အပစ်ခံရတာ။ ပွဲချင်းပြီးပဲ” ဟု ပြောသည်။

ယခုသေနတ်ဖြင့်ပစ်ခတ်ခံရသူ ဦးဇေလတ်သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ဆူးလေရှန်ဂရီလာ ဟိုတယ်အနီးတွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသည့် လူငယ်တစ်ဦးကို ဓါးဖြင့်ဝင်ထိုးကာ ရပ်ကွက်အတွင်းမှ တိမ်းရှောင်ခဲ့ဖူးသူလည်းဖြစ်သည်ဟု ၃ ရပ်ကွက်အတွင်း နေထိုင်သူ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဦးဇေလတ်သည် ဖေဖော်ဝါရီလက ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရပ်ကွက်အတွင်းမှ မိသားစုလိုက် တိမ်းရှောင်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိနေသည်မှာ ၃ လခန့်ရှိပြီဟုလည်း ၃ ရပ်ကွက်အတွင်းနေထိုင်သူက ဆက်ပြောသည်။

နေအိမ်သို့ ပြန်ရောက်လာပြီးနောက် ရပ်ကွက်အတွင်း နေထိုင်သူအချို့ကို စစ်ကောင်စီထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းခြင်းမျိုးလည်း ရှိခဲ့သည်ဟု ၃ ရပ်ကွက်သားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ရပ်ကွက်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် လောလောဆယ်တွင် ဖမ်းဆီးခံရသူ မရှိသေးဟု ရပ်ကွက်အတွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း လှိုင်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

လှိုင်မြို့နယ်သည် ရန်ကုန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်ဖိနှိပ်လာမည်ကို ရပ်ကွက်နေပြည်သူအချို့က စိုးရိမ်နေကြသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...