မအူပင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ ၂ ဦး ဒဏ်ရာရ

မအူပင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က မြို့သစ် ၇ လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အဝင်/အထွက်ရှိသည့် အရက်ဆိုင်ရှေ့တွင် တစ်ကြိမ် ပေါက်ကွဲပြီးနောက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်း အလက - ၁ ကျောင်းဝင်းအနီးတွင် စစ်တပ်က ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် ပေါက်ကွဲမှု တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

"ပထမအကြိမ်ပေါက်တာမှာ လူထိခိုက်တာမရှိဘူး။ ဒုတိယအကြိမ်ပေါက်တာမှာ အရပ်ဝတ် ၂ ယောက် ဒဏ်ရာရလို့ ဆေးရုံပို့လိုက်တာတွေ့ရတယ်။ တစ်ယောက်တော့ စိုးရိမ်ရတယ်လို့ပြောတယ်" ဟု မျက်မြင်တွေ့ရှိသူ ဦးမင်းမင်းက ပြောသည်။

ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့ အမျိုးသား ၂ ဦးအနက် လဲကျသွားသူ ၁ ဦးမှာ စိုးရိမ်ရသည်ဟု မအူပင်ဆေးရုံက ဆေးဝန်ထမ်းတစ်ဦးက အတည်ပြုပြောသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအနီးရှိ ဖုန်းဆိုင်မှ အမျိုးသမီးတစ်ဦး ထိတ်လန့်ကာ လဲကျသွားသဖြင့် ဆေးရုံရောက်လာခဲ့သည်ဟု မအူပင်ဆေးရုံက ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရပ်ထားသော ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူနှစ်ဦး၏အမည်ကို မသိရသေးသော်လည်း အရပ်ဝတ်အသွင်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး မအူပင်မြို့နယ်အတွင်း ယခုပေါက်ကွဲမှုအပါအဝင် ၆ ကြိမ် ရှိပြီဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...