သတင်းစာများ ဈေးတက်မည်

သတင်းစာများ ဈေးတက်မည်

စက္ကူဈေးများ မြင့်တက်လာခြင်းကြောင့် သတင်းစာ၊ ဂျာနယ်ဈေးနှုန်းများပါ မြင့်တက်လာသည်ဟု သတင်းစာဂျာနယ် လက်လီရောင်းချနေသူများက ပြောသည်။

ပြည်တွင်း၌ ဖြန့်ချီနေသည့် ပုဂ္ဂလိကသတင်းစာများသည် အောက်တိုဘာ ၁၅ ရက်နေ့မှစတင်၍ တစ်စောင်လျှင် ကျပ် ၅၀ ခန့် ဈေးနှုန်းတိုးမြှင့်ဖြန့်ချီမည်ဟု ကြေညာထားကြောင်း လှိုင်မြို့နယ်အတွင်းရှိ သတင်းစာ၊ ဂျာနယ် လက်လီရောင်းချနေသူတစ်ဦးက ပြောသည်။

“လက်လီသမားတွေက တစ်စောင်တစ်ရာလောက် တက်ရောင်းရမှာပေါ့။ အများကြီးလည်း တက်လို့မရဘူးလေ။ အခုတောင် ရောင်းအားက ဟိုးမြေကြီးထဲရောက်နေတာ” ဟု ဂျာနယ်ရောင်းသည့်အတွေ့အကြုံ ၁၇ နှစ် ကျော်ရှိပြီဖြစ်သည့် လက်လီရောင်းချနေသူတစ်ဦးက ပြောသည်။

ယခုနောက်ပိုင်း ပြည်တွင်းစာဖတ်သူအများစုက အွန်လိုင်းမှတစ်ဆင့် သတင်းစာများ ဖတ်ရှုကြပြီး သတင်းစာ ဝယ်ယူဖတ်ရှုသူ အလွန်နည်းပါးသွားကြောင်း သတင်းစာရောင်းအားကလည်း ယခင်ကထက်စာလျှင် ၄ ပုံ ၁ ပုံ ခန့်သာရှိတော့သည်ဟု ၎င်းက ဆက်ပြောသည်။

သတင်းစာ၊ ဂျာနယ်များ လက်လီရောင်းချနေသူတစ်ဦးက “အရင် အစောင် ၁၀၀ ရောင်းရရင် အခု ၂၅ စောင်လောက်ပဲ ရောင်းရတယ်။ အခုက အလုပ်ရှိတယ်ပဲ ပြောလို့ရတာ။ ငွေကမရဘူး” ဟု ဆက်ပြောသည်။

ပြည်တွင်းစက္ကူဈေးမှာ စက်တင်ဘာလဆန်းပိုင်းက စက္ကူတစ်တန်လျှင် ကျပ် ၁၅ သိန်းခန့်ရှိခဲ့ရာမှ စက်တင်ဘာလကုန်ပိုင်းတွင် ကျပ်သိန်း ၂၀ အထိ မြင့်တက်ခဲ့ကြောင်း စက္ကူလိပ်ဖြန့်ဖြူးသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းဒေါ်လာဈေးကလည်း တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိတွင် ပုဂ္ဂလိသတင်းစာအဖြစ် စံတော်ချိန်နှင့် Eleven Daily နှစ်စောင်သာ ထုတ်ဝေနိုင်တော့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း DVB၊ မဇ္ဈိမ၊ 7 Day၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်းတို့ကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်များ ပိတ်သိမ်းခဲ့သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...