Mytel တာဝါတိုင်ကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ

Mytel တာဝါတိုင်ကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းရှိ MyTel ဖုန်းတာဝါတိုင်တစ်ခု အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်ခန့်က အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာအုပ်စု၊ မလော့ကျေးရွာရှိ တာဝါတိုင်အား လက်လုပ်ဗုံးသုံးလုံးကို အဝေးမှ ဖုန်းနှင့်ထိန်းပြီး ကွန်ထရိုးခလုတ်ဖြင့် ခွဲသွားခြင်းဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘူးဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့တစ်ဦးက ပြောသည်။

"ဆိုလာပြား၊ ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေ ပျက်စီးသွားတယ်" ဟု ၎င်းကပြောသည်။

ဘိုကလေး PDF က ယင်း MyTel ဖုန်းတာဝါတိုင်ကို အဆင့်မြင့်နည်းပညာသုံးပြီး ၂ မိုင်ကျော်အကွာအဝေးမှနေ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယခုတာဝါတိုင်ဗုံးခွဲမခံရခင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်ကလည်း ဘိုကလေးမြို့နယ် စိန်ဟိုင်းကျေးရွာက MyTel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ယခုနောက်ပိုင်း ဒေသအတွင်းရှိ MyTel ဖုန်းတာဝါတိုင်များ ဗုံးမခွဲခံရရေးအတွက် စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချခြင်း၊ ခြံစည်းရိုးများ ကာရံထားခြင်းများ ပြုလုပ်ထားရှိသည့်ကြားမှပင် အဝေးထိန်းခလုပ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့ Mytel တာဝါတိုင်များ ဖျက်ဆီးမှုများရှိနေသဖြင့် စစ်ကောင်စီက တာဝါတိုင်များလုံခြုံရေးအတွက် အင်အားအများအပြား အသုံးပြုထားရသည်။

တာဝါတိုင်အနီး နေထိုင်သူအချို့သည် တာဝါတိုင်းဗုံးကွဲဖျက်ဆီးခံရလျှင် စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနိုင်သည့်အတွက် စိုးရိမ်နေကြသည်ဟုလည်း ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်း၊ ကြံခင်း၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ် မြို့နယ်များအတွင်းရှိ စစ်တပ်ပိုင် MyTel ဖုန်းတာဝါတိုင်များကို ဒေသခံ မြို့ပြပြောက်ကျားတပ်ဖွဲ့များက စက်တင်ဘာလ ဒုတိယအပတ်လောက်မှစတင်၍ ဗုံးခွဲမီးရှို့ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...