စစ်ကောင်စီတပ်ဖွဲ့များက မအူပင်တွင် စက်ဘီးစီးခရီးသွားများကို စစ်ဆေးကာ ငွေတောင်း

စစ်ကောင်စီတပ်ဖွဲ့များက မအူပင်တွင် စက်ဘီးစီးခရီးသွားများကို စစ်ဆေးကာ ငွေတောင်း

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် အသံပေးဘဲလ်၊ ရောင်ပြန်တပ်ဆင်ထားခြင်မရှိသော စက်ဘီး၊ ဆိုက္ကား စီးလာသူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ငွေကျပ်သုံးသောင်းအထိ တောင်းခံနေသည်ဟု ဒေသခံများက ပြောသည်။

"သမီးလေးစက်ဘီးကို ဘဲလ်မတပ်လို့ဆိုပြီး ဖမ်းတယ်။ ဒဏ်ငွေဆိုပြီး သုံးသောင်းတောင်းတယ်။ တောင်းတောင်းပန်ပန်ပြောတော့ ၂၀၀၀၀ နဲ့ အဆင်ပြေသွားတယ်" ဟု မအူပင်မြို့ အမှတ် ၂ ရပ်ကွက်နေ ဦးကိုဝင်းက ပြောသည်။

ဦးကိုဝင်း၏ သမီးဖြစ်သူ၏ စက်ဘီးမှာ ကျပ်တစ်သောင်းခွဲတန် တရုတ်နိုင်ငံလုပ် စက်ဘီးအဟောင်းဖြစ်သော်လည်း ရုံးကိုလာရန် ပြောဆိုလိုက်သည့်အတွက် လူဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တောင်းခံသောငွေကို ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မအူပင်မြို့ရှိ ဆိုင်ကယ်များကို ဘက်မှန်ပါ/မပါ လေပေါင်ပြည့်/မပြည့် စစ်ဆေးပြီး ကျပ်သုံးသိန်းအထိ ငွေတောင်းကြောင်း၊ ယခင်က မြို့အဝင်ဂိတ်တွင် ဖမ်းဆီးမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် မြို့တွင်းလမ်းမကြီးများတွင်ပါ ပိတ်ဆို့စစ်ဆေးဖမ်းဆီးပြီး ငွေတောင်းနေကြသည်ဟု ဒေသခံအချို့က ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သူများကို ဥပဒေနှင့်အညီ ဒဏ်ငွေစီးကြပ်အပြစ်ပေးခြင်းမျိုးလုပ်၍ရပြီး ဒဏ်ငွေဆောင်လျှင် တရားရုံးမှာဆောင်ရမှသာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာရရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်အောင်ကြီး ထောက်ပြပြောဆိုသည်။

"ဒီလိုလမ်းမှာတားပြီးတော့ ငွေတောင်းတာမျိုး လုပ်လို့မရပါဘူး။ ဒါဟာ တရားမဲ့ပြုကျင့်တာ၊ ဥပဒေကို ချိုးဖောက်တာ" ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်အောင်ကြီး ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်္ကာမကင်းဟုဆိုပြီး အရပ်သားပြည်သူအချို့ကိုလည်း ဖမ်းဆီးပြီး ငွေတောင်းယူကာ ပြန်လွှတ်သည်များလည်းရှိနေကြောင်း ကိုယ်တိုင်တွေ့ကြုံရသည့် ဒေသခံအချို့၏ ပြောပြချက်များအရ သိရသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...