မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့ ဗုံးသုံးလုံး ထပ်ဆင့်ကွဲ၊ စစ်သား ၃ ယောက် ဒဏ်ရာရ

မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့ ဗုံးသုံးလုံး ထပ်ဆင့်ကွဲ၊ စစ်သား ၃ ယောက် ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့-မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် နောက်ထပ် အခြားဗုံးနှစ်လုံး ထပ်မံပေါက်ကွဲ၍ စစ်သား ၃ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့၊ ည ၇ နာရီခွဲအချိန်ခန့်က ဗုံး ၃ လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲပြီး စစ်ဆေးနေသည့် စစ်သားသုံးဦး ဒဏ်ရာ (မပြင်းထန်) ရရှိသွားသည်ဟု ပြောသည်။

"ပေါက်တဲ့အသံ ၃ ကြိမ်ကြားတယ်။ မနက်မှ ရုံးကဝန်ထမ်းတချို့ပြောတာက ဗုံးပေါက်တာ စစ်သား ၃ ယောက်ထိတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူးလို့ပြောကြတယ်" ဟု ဟင်္သာတမြို့ခံ ဦးထွန်းအေးက ပြောသည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း၍ ဗုံးတစ်လုံးကို အရင်ခွဲပြီး စစ်တပ်ရောက်လာမှ နောက်ထပ် ဗုံးနှစ်လုံးကို ထပ်မံခွဲခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့က ကြေငြာချက်ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင်း ဒေသကြီးအတွင်း၌ အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ ပြည်သူတရပ်လုံး တော်လှန်ကြရန် ကြေငြာပြီးနောက်ပိုင်း သတင်းပေးဒလန်များအား သုတ်သင်ခြင်း၊ MyTel ဖုန်းတာဝါတိုင်များ မိုင်းခွဲမီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ကောင်စီ လက်အောက်ခံ ရုံးနေရာများအနီး ဗုံးခွဲတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ဟု ဒေသအတွင်းရှိ လူမှုအထောက်အကူပြုအဖွဲ့အချို့က သုံးသပ်သည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုများတွင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။

သို့သော် သြဂုတ်လတွင်းက ပုသိမ်မြို့လယ်ရှိ ဘဏ်အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာယီကင်းစခန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ ရသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...