သတင်းထောက်မသူဇာအား အောက်တိုဘာ ၁၃ ရက်တွင် ရုံးတင်မည်

သတင်းထောက်မသူဇာအား အောက်တိုဘာ ၁၃ ရက်တွင် ရုံးတင်မည်

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံထားရသည့် သတင်းထောက်မသူဇာကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် ရုံးတင်မည်ဟု သူမ၏ရှေ့နေက ပြောသည်။

နိုင်ငံတော် ဆူပူမှု ဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း မသူဇာ၏ အကျိုးဆောင်ရှေ့နေက ပြောသည်။

မသူဇာ၏ အမှုလိုက်ရှေ့နေက “သူ့အမှုကိုကိုင်တဲ့ ရဲအရာရှိက ပြောတာပေါ့။ အခုချုပ်ရမန်ယူထားပြီး အမှုတည်ဆောက်နေတယ်။ ရမန်က ၁၃ ရက်နေ့ပြည့်မှာဆိုတော့ အဲဒီနေ့မှာ ဥပေဒအကြံဉာဏ် တောင်းခံပြီးတော့ တရားစွဲတင်မယ်လို့ ပြောပါတယ်” ဟု ပြောသည်။

သတင်းထောက်မသူဇာသည် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းတွင် ရောက်ရှိပြီး ရှေ့နေအဖွဲ့က သွားရောက်တွေ့ဆုံခဲ့ရာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် သူမတွင် ဒဏ်ရာဒဏ်ချက်များမရှိကြောင်းကို တွေ့ရသည်ဟု ရှေ့နေအဖွဲ့၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့သွားတွေ့တော့ သူကျန်းကျန်းမာမာပါပဲ။ စစ်ကြောရေးမှာ သူ့ကို ရိုက်နှက်တာတွေ၊ နှိပ်စက်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်” ဟု မသူဇာ၏အမှုကို ကူညီဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့် သတင်းထောက် မသူဇာသည် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းသို့ စက်တင်ဘာ ၂၉ ရက်နေ့က အောင်သပြေစစ်ကြောရေးစခန်းမှ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်းထောက် မသူဇာသည် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မေလအတွင်းက နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့သော်လည်း ထိုအချိန်က အဖမ်းမခံရပဲ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေအိမ်တွင်မနေတော့ပဲ တိမ်းရှောင်နေထိုင်ခဲ့ရာမှ စက်တင်ဘာလ ၁ ရက်နေ့တွင် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...