ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့်မုပ္ပလင်ကြားရှိ ပျဉ်းကတိုးကုန်းလမ်းဆုံမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီလုံခြုံရေးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူတွေက ပြောပါတယ်။
ယမန်နေ့ မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ် ခမရ (၂၀၇) မှ ယာဉ် ၂ စီးနှင့် ရဲကား ၁ စီး ပျဉ်းကတိုးကုန်းလမ်းဆုံကို ဖြတ်သန်းသွားစဉ် KNU တပ်မဟာ (၁)၊ တပ်ရင်း ၃ တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"သူတို့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဟုတ်တယ်။ စစ်ကားနဲ့ ရဲကားတွေပါတယ်။ လူသေဆုံးတာ ထိခိုက်တာ ရှိတယ်" လို့ KNU တပ်မဟာ (၁) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ ကား ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကမ်းနီးကျေးရွာ ခဝါချောင်းတံတားနှင့် ဝါးတားဂိတ်အကြားမှာ စစ်ကောင်စီယာဉ်တန်းကို KNU ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။







