ကျွန်းစုမြို့နယ်သို့ အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်

ကျွန်းစုမြို့နယ်သို့ အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ ကျွန်းစုမြို့နယ်သို့ နေ့စဉ် အသွားအပြန်ပြေးဆွဲပေးနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များ အလှည့်ကြ စနစ်ဖြင့် အောက်တိုဘာ ၃ ရက်နေ့မှစတင်၍ ပုံမှန်အချိန်များတွင် ယခင်နှုန်းထားများအတိုင်း ပြန်လည်ပြေးဆွဲပေးတော့မည်ဟု ဒေသခံများက ပြောသည်။

ယခုပြန်လည်ပြေးဆွဲရာတွင် လူတစ်ဦးလျှင် ယခင်ကဈေးနှုန်းအတိုင်း အသက်အာမခံကြေး တစ်ရာကျပ်အပါအဝင် ကျပ် ၃၀၀၀ ဖြင့်သာ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ၏ အဖွဲ့ဝင်က ဆက်ပြောသည်။

ကျွန်းစုမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းစတင်သည့် ဇူလိုင်လ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့ကြသည့် ရေယာဉ်များ ပြန်လည်ပြေးဆွဲပေးတော့မည်ဖြစ်သည်ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမြန်ရေယာဉ်များ ရပ်နားထားသည့် လများအတွင်း ဈေးရောင်းသည်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရေးပေါ်လူနာများနှင့် ကိစ္စကြီးငယ်ရှိကြသူများမှာ ပိုက်လှေငယ်များ၊ ကုန်တင်သစ်သားခွံလှေကြီးများကို ပိုက်ဆံပေးကာ လှေကြုံတောင်းစီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နေ့စဉ်ပုံမှန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ရပ်နားလိုက်သည့်အတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စာရိတ်များ မြင့်တက်မှုများရှိခဲ့သည့်အတွက် ဈေးနှုန်းများမှာ တဟုန်ထိုးကြီးမြင့်သည့်ဒဏ်ကို ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။

“ကုန်ဈေးနှုန်းလည်း နည်းနည်း ပြန်ကျဆင်းလာနိုင်တယ်။ ဒီကြားထဲမှာ ကိစ္စရှိလို့ မြိတ် (ဘိတ်) တက်ရင် ကြားလှေတွေနဲ့ အကြုံလိုက်ရတယ်။ သွားလာစားရိတ် သောင်းကျော်ကုန်တယ်။ လူလည်းပင်ပန်းတယ်“ ဟု ကျွန်းစုမြို့က ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အမြန်ရေယာဉ်ပြေးဆွဲမှုအား မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပုံမှန်အချိန်များဖြစ်သည့် နံနက် ၈ နာရီမှ စတင်ထွက်ခွာမည်ဖြစ်ပြီး အချိန်အားဖြင့် တနာရီကြာမည်ဖြစ်သည်။

ထို့နောက် ကျွန်းစုမြို့မှ မြိတ်မြို့သို့ နံနက် ၉ နာရီခွဲအချိန်တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

နေ့လည်ပိုင်းတွင်လည်း မြိတ်မြို့မှ နေ့လည် ၁၂ နာရီ အချိန်တွင် ထွက်ခွာ၍ ကျွန်းစုမြို့မှ မွန်းလွဲ ၁ နာရီခွဲအချိန် မြိတ်သို့ ပြေးဆွဲသွားမည်ဟု သိရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...