သတင်းပေးဆိုသူ အသံတိတ်သေနတ်ဖြင့် ပစ်ခံရ

သတင်းပေးဆိုသူ အသံတိတ်သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း သတင်းပေးဟု လူပြောများနေသူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး အသံတိတ်သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်

မတ္တရာမြို့၊ တံငါတောင်ကျေးရွာက စစ်ကောင်စီ၏သတင်းပေးဟု လူပြောများနေသည့် 3.5 တံဆိပ် အုတ်လုပ်ငန်းရှင် အသက် ၇၀ နှစ် အရွယ် ဦးစံလှသည် အသံတိတ်သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံလိုက်ရမှုကြောင့် ဦးခေါင်းတွင် တစ်ချက်၊ ဘယ်လက်ပြင်တွင် တစ်ချက် ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးစံလှသည် အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က တံငါတောင် ရွှေပါဝါလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးက အသံတိတ်သေနတ်ဖြင့် နှစ်ချက် ပစ်သွားခြင်းဖြစ်သည်ဟု အခင်းဖြစ်စဉ်ကို မြင်လိုက်သူ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“အလောင်းကတော့ ရဲတွေသယ်သွားကြပြီ။ လက်ဖက်ရည်ဆိုင်ရှေ့နဲ့ ဆီဆိုင်ရှေ့မှာတော့ ရဲတွေအများကြီးပဲ” ဟု ပြောသည်။

ဦးစံလှသည် 3.5 အုတ်စက်နှင့် 3.5 စက်သုံး ဆီပန့်ဆိုင်ပိုင်ဆိုင်ပြီး ဆီဆိုင်ပိတ်ထားသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့တွင် ဆီဆိုင်ပြန်ဖွင့်သည့်နေ့တွင် အသတ်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က တံငါတောင်ကျေးရွာကို စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းနှင့် ဝင်ရောက်၍ NLD ရပ်ကျေးဥက္ကဋ္ဌကို ဝင်ရောက်ရှာဖွေစဉ် သေနတ်အချက် ၃၀ ခန့် ပစ်ဖောက်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင်ရှိပြီး လူဦးရေ ၂ သိန်းခွဲကျော် နေထိုင်သည်။

 

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...