မုံးကိုးတိုက်ပွဲများအတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာရ

မုံးကိုးတိုက်ပွဲများအတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာရ
The Kokang Facebook page
The Kokang Facebook page

မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့် တပ်မတော်တို့အကြား စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိနေသည်။

မုံးကိုးမြို့နယ်ထဲက ကောင်းလုံနှင့် ကောင်းဒပ်ကျေးရွာကြားတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ဖက်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် အမြောက်များဖြင့်လည်း ပစ်ခတ်နေသည့်အသံများ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီကျနော်တို့ ကောင်းလုံ၊ ကောင်းဒပ်နားမှာ ဖြစ်နေတာက နှစ်ရက် သုံးရက်မကတော့ဘူးဗျ။ တစ်ရက်ရက်ဆို လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်နေကြတယ်။ နောက်ထပ် တစ်ရက်ဆို အမြောက်လား အဲ့ဒါပစ်သံတွေလည်း ကြားနေရတယ်။ အားလုံးကတော့ ပစ်ပြီဆိုရင် အိမ်ပြန်တဲ့လူပြန်တယ်။ စစ်ရှောင်မှာသွားနေတဲ့ လူတွေလည်း ပြန်သွားနေတယ်။ တခါခါဆိုရင် ကျနော်တို့ ဒီလယ်တောမှာ ရှိနေတဲ့ အချိန် သူတို့က ပစ်ကြတယ်နော်။ အဲ့လိုမျိုးဆိုရင် တိုက်ပွဲပိုဖြစ်လာမှာကြောက်လို့ ပြန်ကြတယ်။ အခုက ပစ်သွားလိုက်၊ ခနဆိုလည်း ပြန်ရပ်လိုက်ပဲ” ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကောင်းလုံနှင့် ကောင်းဒပ်ကျေးရွာ အနီးနားတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။

နှစ်ဖက်ကြား ပစ်ခတ်မှုများက ရပ်သွားလိုက် ပြန်ပစ်လိုက်နှင့်ဖြစ်နေပြီး စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲအတွင်း ပစ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မုံးကိုးမြို့က ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ “နေ့လည် (၁၂) နာရီ (၃၀) မိနစ်ခန့်တွင်လည်း မုံးကိုးမြစ်အနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ သိန္နီခရိုင်ဘက်တွင် စစ်ကောင်စီတို့သည် ကုန်းသာတောင်ပေါ် ရှိ ကိုးကန့်တပ်ဖွဲ့ကို လက်နက်ကြီးများ ဖြင့်ကြိုးကြားကြိုးကြားပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်မှတစ်ဆင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ ထို့ပြင် ဒီကနေ့ နံနက် (၄) နာရီ (၃၆) မိနစ်ခန့်တွင် စစ်ကောင်စီမှ စစ်ယာဥ်တန်း အစီး ၃၀ သည် ကိုးကန့်ဒေသမှ လားရှိုးသို့ဆင်း၍ နာတီနှင့် နမ့်ဇလပ်ကြားတွင် ကိုးကန့်တပ်ဖွဲ့နှင့် မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်” ဟု ကိုးကန့်သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် မုံးကိုးမြို့အတွင်းရှိ ကျေးရွာပေါင်း ၇ ရွာက ဒေသခံစစ်ရှောင် ၆၀၀ ကျော် မုံးကိုးမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဘုန်းကြီးတို့အတွင် စစ်ဘေးရှောင်နေကြရသည်။

မုံးကိုးမြို့နယ်အတွင်း နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ဩဂုတ်လကတည်းကဖြစ်သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...