ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်နှင့် မိုးမောက်မြို့နယ်ထဲတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။
လဝါးကျေးရွာက ဒေသခံတစ်ဦးက “အခုရက်ပိုင်းက ဆက်တိုက်ပဲ ဖြစ်နေကြတာ။ စစ်တပ်ကလည်း ကားနဲ့လာတယ်။ အဲ့ဒါကို ဒီဘကက်လည်း မိုင်းခွဲတိုက်ခိုက်တယ်။ မိုးကောင်းဘက်ကနေ တက်လာတဲ့ စစ်ကားတွေကို KIA က ပြန်တိုက်တာပါ။ ဒီကျနော်တို့တိန်ကောက်ဘက်မှာ စစ်တပ်တွေ ရောက်နေတာလည်းရှိတယ်လို့ ပြောကြတယ်” ဟု ပြောသည်။
တနိုင်း-လီဒိုလမ်းဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်ကောင်စီ၏ယာဉ်တန်းများ ဝင်လာသည့်အတွက် တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
တနိုင်း-လီဒိုလမ်းတစ်လျှောက် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများ၊ မိုင်းခွဲတိုက်ခိုက်ခံနေရမှုများမှာ စက်တင်ဘာလ နောက်ဆုံးအပတ် တစ်ပတ်လုံးနီးပါးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်ကဲ့ပါ။ ကျနော်လည်း တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကြားပါတယ်။ ဖြစ်တာကတော့ သုံးလေးရက် ငါးရက်လောက်ရှိပြီ။ လဝါး၊ ဒွန်ဘုန်း၊ ဂွမ်ဂျာယန် အဲ့နားတဝိုက်မှာပေါ့ စစ်ကောင်စီဘက်က စစ်လှုပ်ရှားလာလို့ ခုခံတိုက်ပွဲဖြစ်တာ ကြားပါတယ်” ဟု ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကျေးရွာအချို့ထဲကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက KIO ကို အကြောင်းကြားမှုများရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်နေတဲ့သတင်းတွေ ကြားပါတယ်။ ပြည်သူလူထုလည်း သူတို့ရဲ့ ရွာထဲမှာတော့ အခုထက်ထိကတော့ ဘာမှ စိုးရိမ်စရာတော့ မရှိဘူးတဲ့။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သေနတ်သံတွေ လက်နက်ကြီးသံတွေ ပေါ့နော် ကြားရနေလို့ စိုးရိမ်နေတဲ့ အကြောင်းတွေတော့ အကြောင်းကြားလာတာ သိရပါတယ်” ဟု ဆက်ပြောသည်။
အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီ၏စစ်ကြောင်းကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။







