ကော့ကရိတ်ပစ်ခတ်မှု စစ်ကောင်တပ်ဖွဲ့ ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ၊ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် လူနေအိမ်များထိမှန်

ကော့ကရိတ်ပစ်ခတ်မှု စစ်ကောင်တပ်ဖွဲ့ ၄ ဦးကျဆုံးပြီး G1 တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ၊ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် လူနေအိမ်များထိမှန်

ကရင်ပြည်နယ်၊ ကော့ကရိတ် အာရှလမ်းဂွ ကျိုက်ဒုံ-ရွာသစ်လမ်းဘက်တွင် အောက်တိုဘာလ ၁ ရက် နံနက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး စစ်ဦးစီးမှူး ပထမတန်း (G1) တစ်ဦးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး မြဝတီခရီးစဉ်အတွက် စစ်ကောင်စီတပ်မှ လမ်းလုံခြုံရေးယူထားစဉ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ခွဲထွက်ဒီကေဘီအေ) အဖွဲ့မှ နံနက် ၉ နာရီအချိန်တွင် ကြားဖြတ်ပစ်ခတ်မှု လုပ်ဆောင်သောကြောင့် ထိုသို့ ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ”သိရသလောက်ကတော့ သူတို့တိုင်းမှူး မြဝတီသွားဖို့အတွက် သူတို့လမ်းခင်းစောင့်နေတဲ့အချိန်မှာ ခွဲထွက်ဒီကေဘီကေက ပစ်တယ်။ နီးနီးလေးပဲကိုး။ ပစ်တော့ သူတို့ (စစ်ကောင်စီတပ်) ဘက်က ၇ ယောက်ထိတယ်။ ၄ ယောက်သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်ပေါ့။ အဲ့ဒီထဲမှာ G1 တစ်ယောက် ပေါင်မှာထိမှန်သွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ လမ်းလုံခြုံရေးယူနေသည့် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၁၂ ၏ ခြေမြန်တပ်ရင်း (ခမရ) ၂၃၀၊ ၂၃၁ လက်အောက်ခံတပ်ဖွဲ့နှင့် ဗိုလ်ချုပ်ကြီး စောကျော်သက်ဦးဆောင်သည့် ခွဲထွက်ဒီကေဘီအေ တပ်ဖွဲ့ဝင်တို့ နှစ်အဖွဲ့အကြားဖြစ်သည်ဟု ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကော့ကရိတ်တောင်းပိုင်းဘက် ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များကို ကျည်ထိမှန်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များမှ နေ့လည် ၁၁ ခွဲဝန်းကျင်အထိ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေဆဲဖြစ်သလို တပ်အင်အားတိုးချဲ့မှုများ ထပ်မံလုပ်ဆောင်လာသည့်အပေါ် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံပြည်သူလူထုများက စိုးရိမ်လျက်ရှိသည်ဟု သိရှိရသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...