မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅) ဦးကို အောက်တိုဘာလ (၁) ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူအချုပ်သားတွေဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။

အကျဉ်းထောင်အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က စိစစ်တာဖြစ်ပြီး အဲ့ဒီထဲမှာ လူသတ်မှုတွေ အဂတိမှုတွေနဲ့ ခိုးမှုတွေ အများဆုံးပါဝင်တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လူသတ်မှုတွေရော၊ အဂတိအမှုတွေရော၊ ခိုးမှုတွေရော၊ ပို့ကုန်သွင်းကုန် မှုတွေရော အဲ့လိုအမှုတွေတော့ အများကြီးပဲ အရေအတွက် အတိအကျတော့ မမှတ်မိဘူး၊ အဲ့တာ စိစစ်တဲ့ဟာကတော့ သက်ဆိုင်ရာ တရားရေးတို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က စိစစ်တာလေ ကျွန်တော်တို့က လွှတ်မိန့်လာတဲ့အချိန်ကျ ကျွန်တော်တို့က လွှတ်ပေးတာပါ” လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ လွှတ်ပေးတဲ့သူတွေထဲမှာတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ဆန္ဒပြစဉ် မတရားဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံထားရသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။

လူသတ်မှုတွေ ခိုးမှုတွေကို လွှတ်ပေးတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်သလို နောက်ထပ်အမှုအခင်းတွေ ပိုဖြစ်လာအောင် လုပ်ဆောင်သလို ဖြစ်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောကြားပါတယ်။

“လူသတ်မှု ကျူးလွန်တဲ့သူတွေ သူခိုးတွေကို ဘာပြစ်ဒဏ်မှမပေးဘဲ လွှတ်လိုက်တာဟာ သူတို့ကို နောက်တစ်ခါထပ်လုပ်ဖို့အတွက် အခွင့်အရေး ပေးနေသလို ဖြစ်နေတာပေါ့၊ အမှန်မှာက သူတို့ကျူးလွန်တဲ့ ပြစ်မှုအပေါ်မူတည်ပြီး ပြစ်ဒဏ်ပေးမှ နောင်ကြဉ်မှာပေါ့၊ အခုက သူတို့ နောက် တစ်ခါထပ်မလုပ်ဘူးလို့ မပြောနိုင်ဘူးလေ၊ အဲ့ဒါမို့ အားလုံးကြောက်နေရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကျောက်ထုတ်စခန်းနဲ့ စိုက်ပျိုးစခန်း စုစုပေါင်း (၁၀) ခုရှိပြီး အဲ့ဒီထဲမှာတော့ အကျဉ်းသူ၊ အကျဉ်းသားနဲ့ အချုပ်သူအချုပ်သား (၃၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...