နယ်ခြားစောင့်တပ် (BGF) နှင့် နီးစပ်သည့် လူငယ်နှစ်ဦးထံမှ နယ်စပ်ဖြတ်ကျော်ရောင်းချမည့် စိတ်ကြွဆေးပြား ၈၀၀၀ (ရှစ်ထောင်) ကျော်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇) ဒေသရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
နယ်မြေအတွင်း ဝင်ရောက်လာသည့် ကားတစ်စီးကို သက်ဆိုင်ရာ KNPF တပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးရာ ကားပေါ်ပါ လူငယ် ၂ ဦးထံမှ ထိုင်းနိုင်ငံဘက်သို့ သွားရောက်ရောင်းချမည့် စိတ်ကြွဆေးပြား ရှစ်ထောင်ကျော် စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်က ယခုလိုပြောသည်။
“သူတို့က ကားနဲ့လာတာ။ တဖက်နယ်စပ်ကို သူတို့ ဆက်သွယ်ထားပြီးတော့ အဲ့ကို သွားရောင်းဖို့လုပ်တာပေါ့။ သူတို့ကို ကရင်ရဲတပ်ဖွဲ့တွေကပဲ ဖမ်းမိတာပေါ့။ စိတ်ကြွဆေးပြား ရှစ်ထောင်ကျော်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသူ စောခေါင်ဆိုဖိုးနှင့် စောခေါင်ဆိုခလိန်းဆိုသူ လူငယ်နှစ်ဦးမှာ BGF ခေါင်းဆောင်တစ်ဦး၏ တူနှစ်ဦးဖြစ်ကြောင်း ဒေသတွင်း ပျံ့နှံ့လာသည့် သတင်းများအရ သိရပြီး ၎င်းတို့ကိုလည်း ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီ၏ နည်းလမ်းများအရ သက်ဆိုင်ရာသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်းလည်း ဗိုလ်မှူးကြီးစောဒိကွယ်က ဆက်ပြောသည်။
“ကျနော်တို့ ပြန်လည်ပေါင်းစည်းရေးကဏ္ဍကနေ ကရင့်လက်နက်ကိုင် ဘယ်အဖွဲ့မဆို အဖွဲ့အစည်းကြား ပြဿနာတစ်ခုဖြစ်လာရင် ငြိမ်းချမ်းတဲ့နည်းလမ်းတွေအတိုင်း ဖြေရှင်းသွားမယ်ဆိုတဲ့ နည်းလမ်းနဲ့ ကရင်လက်နက်ကိုင်အကြား ဆွေးနွေးပြီးတော့ သက်ဆိုင်ရာကို ပြန်လွှဲပေးလိုက်ပြီ။ ကျနော်တို့ကြားမှာ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ မဖြေရှင်းချင်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းသို့ ပြန်လည်လွှဲပြောင်းပေးလိုက်သော်လည်း ဖမ်းဆီးရမိသည့် ဆေးပြားများကို သိမ်းဆည်းလိုက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးပစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလူငယ်နှစ်ဦးကိုလည်း ၎င်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ချမှတ်ထားသည့် စည်းမျဉ်းဥပဒေအတိုင်း အရေးယူသွားရန်ရှိကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲနှင့် ကွင်းဆက်အခြေအနေများကို ဆက်လက်လိုက်ယူ စုံစမ်းသွားမည်ဖြစ်ပြီး စုံစမ်းရရှိသည့်အခြေအနေများအပေါ်မူတည်၍ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဟုလည်း KNU ဘက်က ပြောသည်။
၎င်းမူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်သူနှစ်ဦးမှာ အရပ်သားလူငယ်များသာဖြစ်သောကြောင့် KNU ၏ ကော်သူးလေ မူးယစ်ရာဇဝတ် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်သော်လည်း BGF ခေါင်းဆောင်တစ်ဦးနှင့် ဆက်စပ်သည့်အတွက် ကရင့်လက်နက်ကိုင် ပြန်လည်ပေါင်းစည်းရေး အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာသို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု ဖြစ်စဉ်များစွာရှိပြီး အဖွဲ့အစည်းအချင်းချင်းကြား ဖမ်းဆီးရမိမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့များတွင် မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများလည်း KNPF က နှစ်စဉ် ပြုလုပ်လေ့ရှိသည်။







