စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်နေသည့်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီဆိုင်အချို့ အကန့်အသတ်နှင့်သာ ရောင်းချပေးနေသည်ဟု စက်သုံးဆီဝယ်ယူသူများက ပြောသည်။
ပန်းတနော်သွားရန် 92 ဆီ သုံးသောင်းခွဲဖိုး ဖြည့်ခိုင်းရာ နှစ်သောင်းဖိုးသာ ရောင်းချပေးသဖြင့် အခြားဆိုင်တွင် ဝင်ဖြည့်ခဲ့ရကြောင်း လှိုင်မြို့နယ် ၁ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀အရွယ် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“နာမည်မရှိတဲ့ဆိုင်တွေကျတော့ ဆီကားမရောက်သေးတာတို့ သူတို့ဆီမှာ ဆီလက်ကျန်နည်းနေတာတွေကြောင့် ကန့်သတ်လိုက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ဓါတ်ဆီအငှားကားမောင်းသူအချို့ ခရီးသည်မရသဖြင့် ကားအုံနာများထံ ကားများ ပြန်အပ်နေသည်များလည်း ရှိလာကြောင်း မြောက်ဒဂုံမှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
ယခင်က ဆီ ၁၅၀၀ ကျပ်လျှင် ဆိုင်ကယ်ဆီတိုင်ကီအပြည့်ရပြီး ယခု တိုင်ကီအပြည့်ကို ၃၅၀၀ ကျပ်ဖိုး ဖြည့်ရကြောင်း၊ လမ်းဘေးဆီဆိုင်များတွင် တစ်ဗူး ၁၆၀၀ ကျပ်အထိ ဖြစ်လာနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းနေသူတစ်ဦးက ပြောသည်။
“ကယ်ရီသမားတွေလည်း အရင်လိုမပတ်တော့ဘူး။ အထိုင်ပဲစောင့်ကြတော့တာ။ ခရီးသည်ကလည်း ၁၅၀၀ တန်တဲ့ခရီး ၁၅၀၀ ပဲပေးတာ ၁၀၀၊ ၂၀၀ ပိုတောင်းရင် မသွားတော့ဘူး” ဟု ပြောသည်။
ဆိုင်ကယ် ကယ်ရီမောင်းသူများသည်လည်း ယခုခါ ဆောက်လုပ်ရေးနှင့် အခြားကျဘန်း ပြောင်းလုပ်နေကြရသည်ဟု ဆိုင်ကယ် ကယ်ရီမောင်းသည့် အတွေ့အကြုံ ၁၀ နှစ်ခန့်ရှိသည့် ဦးစိန်ဝင်းက ပြောသည်။
”ကယ်ရီဆွဲတာကမသေချာတော့ဘူး။ အုံနာဘီးတွေဆိုပိုဆိုး“ ဟု ၎င်းကပြောသည်။
စက်တင်ဘာ ၂၉ ရက်ငွေလဲဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၆၀၀ ခန့်နှင့် ဈေးစဖွင့်ပြီး စက်သုံးဆီဈေးကလည်း အဝယ်သာရှိပြီး အရောင်းမရှိသလောက်ဖြစ်နေသည်ဟု ရန်ကုန်ဈေးကွက်မှ စုံစမ်းသိရရှိရသည်။
စားသုံးဆီ၊ စက်သုံးသုံးစွဲမှုကို ခြိုးခြံချွေတာသုံးစွဲရန်နှင့် လျှပ်စစ်ဓာတ်အား သုံးယာဉ်များ အသုံးပြုနိုင်ရေး ရည်မှန်းဆောင်ရွက်ရန်လိုအပ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် ဩဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပနိုင်ငံများမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။







