ပြည်နယ်ကောင်စီဥက္ကဋ္ဌ၏ ဆုံဆည်းမြိုင်ခရီးစဉ်သည် ဒေသခံများအတွက် မှတ်ပုံတင်အပ်ပွဲအတွက်ဖြစ်ကြောင်း DKBA ပြော

ပြည်နယ်ကောင်စီဥက္ကဋ္ဌ၏ ဆုံဆည်းမြိုင်ခရီးစဉ်သည် ဒေသခံများအတွက် မှတ်ပုံတင်အပ်ပွဲအတွက်ဖြစ်ကြောင်း DKBA ပြော

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသသို့ ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် သွားရောက်သည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦး၏ ခရီးစဉ်မှာ ဒေသခံများကို နိုင်ငံသား စီစစ်ရေးကဒ် (မှတ်ပုံတင်) လာရောက်ပေးအပ်ခြင်းသာဖြစ်ကြောင်း DKBA ဘက်က ပြောဆိုသည်။

ပြည်နယ်ကောင်စီ ဥက္ကဌအပါအဝင် ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ပါ ပါဝင်၍ သွားရောက်ခဲ့သည့် အဆိုပါခရီးစဉ်၌ ဒေသခံရွာသား ၂၀၀ ကျော်အတွက် မှတ်ပုံတင် လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း DKBA ဗဟိုဌာနချုပ်၏ စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးစောစမင်းက ယခုလိုပြောသည်။

“ဒီနေ့ သူတို့လာတာက မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားအတွက် လာတာ။ ဒီက လေးဝေါ်၊ ဝါ့မီထာ့၊ ဥကရစ်ထ၊ ဝေါ်လေ အစရှိတဲ့ ကျေးရွာက ဒေသခံ ၂၀၀ ကျော်အတွက် မှတ်ပုံတင်လာအပ်ပေးတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မှတ်ပုံတင် ပေးအပ်ပွဲသို့ ပြည်နယ်ကောင်စီ ဥက္ကဌ၊ နယ်လုံဝန်ကြီးအပြင် မြဝတီ ခရိုင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) တာဝန်ရှိသူများ ပါဝင်ပြီး အဆိုပါ မှတ်ပုံတင်ပေးအပ်ပွဲ အခမ်းအနားအတွက်သာ လာရောက်ခြင်းဖြစ်ကြောင်းနှင့် တခြားအစီအစဉ်များမပါဝင်ကြောင်းလည်း ဗိုလ်မှူးစောစမင်းက ဆက်ပြောသည်။

၎င်းခရီးစဉ်အတွက် လမ်းတစ်လျှောက်တွင် DKBA တပ်ဖွဲ့ဝင်များမှ လုံခြုံရေးရယူပေးထားသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်အပြည့် ပါဝင်သည့် စစ်ကားများ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကားအစီးရေ (၂၀) ကျော်ခန့်ပါဝင်လုံခြုံရေး ယူပေးသွားကြောင်းလည်း ဒေသခံများက ဆိုသည်။

အဆိုပါ မှတ်ပုံတင်ပေးအပ်ပွဲကို DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာ၏ သူးမွဲခီးနေရာတွင် အခမ်းအနားအစီအစဉ်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသား (၂၇၀) ဦးကို မှတ်ပုံတင်ပေးအပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ပြည်နယ်ကောင်စီ ဥက္ကဌနှင့် နယ်လုံဝန်ကြီးတို့က နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြပြီးဖြစ်ကြောင်းနှင့် မှတ်ပုံတင်ပေးအပ်မှုကို ဆက်လက်ပြုလုပ်နေကြောင်း DKBA ကပြောသည်။

ကနဦး ထွက်ပေါ်လာသည့် သတင်းများအရ အဆိုပါခရီးစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ လေးကေကော်မြို့သစ်လည်းပါဝင်ကြောင်း သိရသလို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေးကေကော် မြို့သစ်အတွင်း ဝင်ရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...